မြန်မာ့နိုင်ငံရေး ပိုမိုပြောင်းလဲဖို့ လိုသေး ကိုဇာဂနာ ပြော

ကိုမင်းကိုနိုင် အပါအဝင် နိုင်ငံရေး အကျဉ်းသား အတော်များများ လွတ်လာတယ် ဆိုပေမယ့် ပုဒ်မ ၄၀၁ နဲ့ လွှတ်ပေး လိုက်တာဖြစ်လို့ အပြည့်အဝ ဝမ်းသာစရာ မဟုတ်ဘူးလို့ အမေရိကန် ပြည်ထောင်စုကို ခေတ္တ ရောက်နေတဲ့ လူရွှင်တော် ကိုဇာဂနာက မနေ့က ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံ ဒါးလပ်စ်လေဆိပ်သို့ ရောက်ရှိလာသော ဟာသပညာရှင် ဇာဂနာကို RFA မှတွေ့ဆုံမေးမြန်းနေစဉ် RFA

လက်ရှိ မြန်မာ့နိုင်ငံရေးဟာ ပြောင်းလဲ နေတယ်ဆိုပေမယ့် ဒီထက်မက ပိုပြီးလုပ်ရမှာတွေ ရှိသေးတယ်လို့ ကိုဇာဂနာက ပြောပါတယ်။ အမေရိကန် ပြည်ထောင်စု အရှေ့ဘက်ခြမ်း ဒါးလပ်စ်လေဆိပ် အရောက်မှာ အာအက်ဖ်အေကို ပြောလိုက်တာပါ။

ကိုဇာဂနာနဲ့အတူ NLD က ဒေါ်ခင်သန်းမြင့်၊ NDF ပါတီက ဒေါ်ဘောက်ဂျာတို့ဟာ မနက်ဖြန် ဖေဖေါ်ဝါရီ ၂ ရက် မနက်မှာတော့ ဝါရှင်တန် ဒီစီမြို့တော်မှာရှိတဲ့ National Endowment for Democracy လို့ခေါ်တဲ့ မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုကရေစီရေးကို ထောက်ပံ့ နေတဲ့အဖွဲ့က ကြီးမှူးကျင်းပတဲ့ မြန်မာ့အရေး ဟောပြောပွဲမှာ တက်ရောက် ဆွေးနွေးမှာ ဖြစ်ပါတယ်။

ကိုဇာဂနာဟာ ဖေဖော်ဝါရီ ၄ ရက်မှာတော့ မေရီလန်း၊ ဗာဂျီနီးယားနဲ့ ဝါရှင်တန် ဒီစီပြည်နယ် ၃ ခုမှာ နေထိုင်တဲ့ မြန်မာတွေနဲ့ တွေ့ဆုံပါမယ်။ အဲဒီနောက် နယူးယောက်မြို့ကို ခရီးဆက်မှာ ဖြစ်ပြီး မိသားစုရှိရာ လော့စ်အိန်ဂျလိစ်မြို့ကိုသွားဖို့လည်း စီစဉ်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org