အကျဉ်းသား ၇ဝ ကို အမျိုးသားလူငယ်ကွန်ယက် တာဝန်ယူ

NLD ပါတီက ဦးဆောင် ကြိုးပမ်းနေတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး လုပ်ငန်းကို ပံ့ပိုးတဲ့ အနေနဲ့ နိုင်ငံရေး အကျဉ်းသား ၇ဝ ကို ကူညီဖို့ အမျိုးသားလူငယ်ကွန်ယက် အဖွဲ့က တာဝန်ယူ လိုက်ပြီလို့ ကွန်ယက်အဖွဲ့ လှုပ်ရှားလည်ပတ်ရေး ကြိုးပမ်း ဆောင်ရွက်နေသူ ကိုမျိုးရန်နောင်သိန်းက RFA ကို ဒီကနေ့ ပြောပါတယ်။

‘ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ...’ ဟူသော စာတမ်းပါ တီရှပ်ဆင်တူ ဝတ်ဆင်၍ နိုဝင်ဘာ ၁၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်ဟု မျှော်လင့် စောင့်ဆိုင်းနေသူများ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

အမျိုးသားလူငယ် ကွန်ယက်အဖွဲ့က ကူညီဖို့ တာဝန်ယူလိုက်တဲ့ နိုင်ငံရေးအကျဉ်းသား ၇ဝ ထဲမှာ ကုန်ဈေးနှုန်း ကျဆင်းရေး တောင်းဆို ဆန္ဒပြမှုကြောင့် စစ်ကိုင်းတိုင်း ခန္တီးထောင်မှာ ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ခံထားရတဲ့ ကိုထင်ကျော်နဲ့ တကွ ထောင်ဒဏ်နှစ်ရှည်နဲ့ သေဒဏ် ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း ပါဝင်တယ်လို့ ကိုမျိုးရန်နောင်သိန်းက ပြောပါတယ်။

လောလောဆယ် အမျိုးသားလူငယ် ကွန်ယက်အဖွဲ့မှာ ရံပုံငွေပြည့်စုံမှု မရှိသေးတဲ့အတွက် ကွန်ယက်အဖွဲ့ဝင် လူငယ်တွေရဲ့ ထည့်ဝင်လှူဒါန်းမှုနဲ့ အခု တာဝန်ယူထားတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုတစုကို လစဉ် ငွေ ၇ဝဝဝ ကျပ် ထောက်ပံ့သွားဖို့ စီစဉ်ထားတဲ့အပြင် မိသားစု ထောင်ဝင်စာတွေ့ဆုံမှု၊ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေးနဲ့ အရေးပေါ်လိုအပ်ချက်တွေ အတွက်ပါ ဖြည့်ဆည်းသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

အမျိုးသားလူငယ် ကွန်ယက်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေ ပထမအကြိမ် တွေ့ဆုံခဲ့ပြီး နောက်ပိုင်း အခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံ တဝှမ်းက လူငယ်ကွန်ယက်ပေါင်း ၁ဝ၄ ခုနဲ့ ချိတ်ဆက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org