ရန်ကုန်သပိတ်လှုပ်ရှားသူ လူငယ်တွေ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရ

ရန်ကုန်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ လူငယ် ခြောက်ဦး ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးစခန်းတွေမှာ ပြင်းပြင်းထန်ထန် နှိပ်စက်ညှဉ်းပန်း စစ်ဆေးမေးမြန်းခံခဲ့ပါတယ်။

ကုန်စျေးနှုန်း ကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ရန်ကုန်မြို့တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု ဓာတ်ပုံ

ရန်ကုန်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ လူငယ် ခြောက်ဦး ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးစခန်းတွေမှာ ပြင်းပြင်းထန်ထန် နှိပ်စက်ညှဉ်းပန်း စစ်ဆေးမေးမြန်းခံခဲ့ရတယ်လို့ အဲဒီအခြေအနေတွေကို သိရှိသူတွေက အောက်တိုဘာလ ၁၅ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့က ရန်ကုန်မြို့မှာလုပ်တဲ့ “ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ စစ်မှုထမ်းဥပဒေ အလိုမရှိ” ဆန္ဒပြပွဲအပြီးမှာ ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်လေးဦးနဲ့ အောက်တိုဘာလ ၉ ရက်နေ့မှာ ဧည့်စာရင်း အကြောင်းပြချက်နဲ့ သပိတ်အဖွဲ့ဝင် လူငယ် နှစ်ဦးတို့ ဖမ်းဆီးခံခဲ့ရတာပါ။

ဆန္ဒပြပွဲအပြီးမှာ ဖမ်းဆီးခံခဲ့ရတဲ့ ကိုဇော်လင်းထွဋ် (ခေါ် ) ကိုဖိုးသား၊ ကိုအောင်မင်းခိုင်၊ မမြမဉ္ဇူနဲ့ မနှင်းအိခိုင်တို့ဟာ စစ်ကြောရေးကို ဖြတ်သန်းရစဉ် ပြင်းပြင်းထန်ထန် နှိပ်စက်ခံခဲ့ရပြီး အောက်တိုဘာလ ၁၁ ရက်နေ့မှာတော့ စစ်ကြောရေးစခန်းကနေ အင်းစိန်ထောင်ထဲကို ရောက်လာပြီလို့ ဆိုပါတယ်။

ဧည့်စာရင်းအကြောင်းပြချက်နဲ့ ဖမ်းဆီးခံလိုက်ရတဲ့ သပိတ်အဖွဲ့ဝင် ကိုရှိန်းဝေအောင်နဲ့ ကိုပိုင်ဖြိုးမင်းတို နှစ်ဦးကတော့ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်ဆက်ခံနေရဆဲပဲလို့ အမည်မဖော်လိုတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ကိုရှိန်းဝေအောင်နဲ့ ကိုပိုင်ဖြိုးမင်းကတော့ စစ်ကြောရေးမှာ ရှိနေပါတယ်။ တော်တော်လေးကိုမှ ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်း ခံနေရတယ်။ စက်တင်ဘာလတုန်းက ဖမ်းခံထားရတဲ့ ဖိုးသားတို့အဖွဲ့ကတော့ စစ်ကြောရေးကနေ အင်းစိန်ထောင်ကို ရောက်ပြီ။ စစ်ကြောရေးမှာ တော်တော်လေး နှိပ်စက်ခံထားရတယ်"

ဖမ်းဆီးခံထားရသူတွေဟာ အသက် ၂၀ ကျော်အရွယ်တွေဖြစ်ပြီး ရန်ကုန်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး လျှပ်တစ်ပြက် လှုပ်ရှားမှုတွေမှာ ပါဝင်နေသူတွေ ဖြစ်ပါတယ်။

လက်ရှိ စစ်ကြောရေး ရောက်နေသူနှစ်ဦးမှာ အန္တရာယ်ရှိနေပြီး ဖမ်းဆီးထားသူတွေနဲ့ ပတ်သက်လို့ စစ်တပ်က တာဝန်ယူရမယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က အောက်တိုဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၁၄ ရက်နေ့အထိ စာရင်းအရ နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူပေါင်းနှစ်သောင်းကျော် (၂၁၀၄၆ ဦး) ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org