ဗဟန်းမြို့နယ်မှာ အငြိမ်းစား ဗိုလ်မှူးတစ်ဦး ပစ်သတ်ခံရ

ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်မှာ အငြိမ်းစား ဗိုလ်မှူးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။

သေနတ်နှင့် ပစ်သတ်ခံရသည့် အငြိမ်းစား ဗိုလ်မှူးဟောင်း ဦးရဲမင်းသန်းအား ၂၀၂၃ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်မှာ ဧပြီလ ၂၉ ရက်ဒီ‌နေ့မနက် ၉ နာရီ ဝန်းကျင်က အငြိမ်းစား ဗိုလ်မှူးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သေဆုံးသူနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

အသက် ၅၅ နှစ်အရွယ် ဗိုလ်မှူးဟောင်း ဦးရဲမင်းသန်းကို ကျိုက္ကဆံရပ်ကွက်က ငမောက် လမ်းနဲ့ မဟူရာလမ်းထောင့်မှာရှိတဲ့ သုခကျော်ဆေးဆိုင်ရှေ့မှာ အတည်မပြုနိုင်သေးတဲ့ လူနှစ်ဦးက ပစ်သတ်သွားတာလို့ ဆိုပါတယ်။

ဦးရဲမင်းသန်းဟာ ကားပေါ်မှာထိုင်နေချိန် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ စစ်ကောင်စီ တပ်နဲ့ နီးစပ်သူတစ်ဦးက RFA ကို အတည်ပြုပါတယ်။

“ဆုံးသွားပြီဗျ။ လေးချက်ထိတာလို့ ပြောတယ်။ ရင်ဘတ်က နှစ်ချက်၊ ကျောကုန်း တစ်ချက်၊ လည်ပင်းလည်း ထိတယ်တဲ့”

ဒီကိစ္စကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တွေ လုပ်တာဖြစ်နိုင်ပြီး ဘယ်အဖွဲ့က ဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သလဲဆိုတာ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို ဘယ်အဖွဲ့ကမှလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကောင်စီတပ်သားတွေကတော့ အဲဒီနေရာအပြင် အနီးအနားပတ်ဝန်းကျင်က ရုပ်သံမှတ်တမ်း (CCTV) တွေကိုပါ စစ်ဆေးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗိုလ်မှူးဟောင်း ဦးရဲမင်းသန်းဟာ လက်ရှိမှာ ကုမ္ပဏီတစ်ခုရဲ့ မန်နေဂျာအဖြစ် လုပ်ကိုင်နေတာလို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဧပြီလ ၂၂ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်မှာ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဦးစိုင်းကျော်သူ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

အဲဒီပစ်ခတ်မှုကိုတော့ မြို့ပြတော်လှန်ရေးအဖွဲ့ For the Yangon က သူတို့လက်ချက် ဖြစ်တယ်လို့ RFA ကို အတည်ပြုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org