နေပြည်တော် ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦး အဂတိမှုနဲ့ အမှုထပ်ဖွင့်ခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က နေပြည်တော် ဒုတိယမြို့တော်ဝန်၊ စည်ပင်သာယာရေးကော်မတီ ဒုဥက္ကဋ္ဌနဲ့ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ တာဝန်တွေကို ယူခဲ့တဲ့ ဦးရဲမင်းဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ နေပြည်တော်မှာ သြဂုတ်လ ၅ ရက် မနေ့က အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီက ဒီနေ့ထုတ်ပြန်ပါတယ်။

နေပြည်တော် ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦး ကို တွေ့ရစဉ် ဓာတ်ပုံ - ဦးရဲမင်းဦး - ဖေ့စ်ဘွတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က နေပြည်တော် ဒုတိယမြို့တော်ဝန်၊ စည်ပင် သာယာရေးကော်မတီ ဒုဥက္ကဋ္ဌနဲ့ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ တာဝန်တွေကို ယူခဲ့တဲ့ ဦးရဲမင်းဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ နေပြည်တော်မှာ သြဂုတ်လ ၅ ရက် မနေ့က အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီက ဒီနေ့ထုတ်ပြန်ပါတယ်။

သူဟာ ရာထူးရယူထားတဲ့ အချိန်တုန်းက နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ရဲ့ Digital Marketing Services Facebook ကြော်ငြာ ဝန်ဆောင်မှုလုပ်ငန်းကို တင်ဒါလုပ်ထုံးလုပ်နည်းများနဲ့မညီဘဲ ဆောင်ရွက်တာ၊ ဘဏ်ရဲ့ ချေးငွေမူဝါဒနဲ့ မကိုက်ညီတဲ့သူတွေကို ချေးငွေတွေ ထုတ်ချေးတာတွေ လုပ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

နေပြည်တော် မြို့မဈေး ပွဲရုံတန်းမှာ Information Center တည်ဆောက်ဖို့ ဆောင်ရွက်ရာမှာလည်း နိုင်ငံတော် သမ္မတရုံးရဲ့ ညွှန်ကြားချက်အမှတ် - ၁/၂၀၁၇ တင်ဒါလုပ်ထုံးလုပ်နည်းများနဲ့အညီ တင်ဒါမခေါ်ဘဲ သူနဲ့ဆက်စပ်တဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုကို ငှားရမ်းစေခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီလိုလုပ်ရပ်တွေက နိုင်ငံတော်ရဲ့ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခဲ့တာကြောင့် သူ့ကို နေပြည်တော်က အမှတ်(၁)နဲ့ အမှတ်(၅) ရဲစခန်းတွေမှာ သြဂုတ်လ ၅ ရက်နေ့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ အမှုဖွင့်ရေးယူထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမင်းသူနဲ့ နေပြည်တော် ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦး တို့ကို အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားတယ်လို့ ဇွန်လ ၉ ရက်နေ့က စစ်ကောင်စီရဲ့ နိုင်ငံပိုင် သတင်းစာတွေမှာ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဦးရဲမင်းဦး ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ဒုတိယအကြိမ် အမှုဖွင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရတော့ စစ်တပ်က အာဏာသိမ်းပြီးနောက် အဂတိ လိုက်စားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ NLD ပါတီ အစိုးရအဖွဲ့ဝင် ၂၃ ဦးထက်မနည်း ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org