ဦးရဲမင်းဦး အဂတိမှုငါးခုနဲ့ ထောင် ၁၅ နှစ် ချမှတ်ခံရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် နေပြည်တော် ဒု-မြို့တော်ဝန် ဦးရဲမင်းဦးဟာ အဂတိ လိုက်စားမှု စွပ်စွဲချက်တွေနဲ့ ဇွန်လ ၂၀ ရက် မနေ့က နေပြည်တော် အထူးတရားရုံးတစ်ခုကနေ ထောင် ၁၅ နှစ် ချမှတ်ခံလိုက်ရပါတယ်။
- 2022-06-21
-
-
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် နေပြည်တော် ဒု-မြို့တော်ဝန် ဦးရဲမင်းဦးဟာ အဂတိ လိုက်စားမှု စွပ်စွဲချက်တွေနဲ့ ဇွန်လ ၂၀ ရက် မနေ့က နေပြည်တော် အထူးတရားရုံးတစ်ခုကနေ ထောင် ၁၅ နှစ် ချမှတ်ခံလိုက်ရပါတယ်။
အမှုငါးမှုအတွက် တစ်မှုကို ထောင်သုံးနှစ်စီနဲ့ အမိန့်ချမှတ်ခံလိုက်ရတာဖြစ်ပြီး အထက် တရားရုံးကို အယူခံတက်ရောက်သွားမယ်လို့ ဦးရဲမင်းဦးရဲ့ အကျိုးဆောင်ရှေ့နေတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
“ဦးရဲမင်းဦးကို တစ်မှုကို သုံးနှစ်နဲ့ ထောင် ၁၅ နှစ် ချလိုက်တယ်။ အဂတိမှုတွေနဲ့ပဲ ချတာ။ အယူခံဝင်မယ်။ အကုန်လုံး ပြန်ဝင်မယ်။ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက် မယ်လို့ ပြောတယ်။ ကျန်းမာရေးလည်း ကောင်းတယ်။ စိတ်ဓာတ်လည်း မာပါတယ်။ သူ့မှာ နောက်ထပ်ရင်ဆိုင်ရမယ့်အမှု နှစ်မှု ကျန်နေသေးတယ်”
ဦးရဲမင်းဦးဟာ အခုထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့ အမှုငါးမှုအပြင် နေပြည်တော်က ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းရဲ့ လရောင်တော မြေနေရာ ချထားပေးမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ အဂတိမှုတစ်မှု၊ ယုံကြည်အပ်နှံ ဖောက်ဖျက်မှု ရာဇသတ် ကြီး ဥပဒေပုဒ်မ - ၄၀၉ နဲ့လည်း ဆက်လက်တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
သူဟာ ရာထူးရယူထားတဲ့ အချိန်က နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ရဲ့ ကြော်ငြာဝန်ဆောင်မှု လုပ်ငန်းကို တင်ဒါလုပ်ထုံးလုပ်နည်းတွေနဲ့မညီဘဲ ဆောင်ရွက်တာ၊ ဘဏ်ရဲ့ချေးငွေမူဝါဒနဲ့ မကိုက်ညီတဲ့သူတွေကို ချေးငွေတွေ ထုတ်ချေးတာတွေနဲ့ နေပြည်တော် မြို့မဈေးပွဲရုံတန်း မှာ အင်ဖော်မေးရှင်းစင်တာ တည်ဆောက်ဖို့ ဆောင်ရွက်ရာမှာလည်း နိုင်ငံတော် သမ္မတ ရုံးရဲ့ ညွှန်ကြားချက်အမှတ် - ၁/၂၀၁၇ တင်ဒါ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တင်ဒါမခေါ်ဘဲ သူနဲ့ဆက်စပ်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို ငှားရမ်းစေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အရေးယူခံထားရတာလည်း ဖြစ်ပါတယ်။
အဲဒီလိုလုပ်ရပ်တွေက နိုင်ငံတော်ရဲ့ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံး စေခဲ့တာကြောင့် သူ့ကို နေပြည်တော်က အမှတ် (၁) နဲ့ အမှတ် (၅) ရဲစခန်းတွေမှာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၅ နဲ့ စစ်ကောင်စီ ဘက်က အမှုဖွင့် အရေးယူခဲ့ပြီး မနေ့က အမိန့်ချမှတ်ခဲ့တာပါ။
၂၀၂၀ ရွေးကောက်ပွဲမှာ ဒဂုံမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သူ ဦးရဲမင်းဦးဟာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ ချက်ချင်းအဖမ်းခံခဲ့ရပါတယ်။
အဖမ်းခံရပြီးတဲ့နောက် စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ နံရိုးကျိုးတဲ့အထိ အရိုက်ခံခဲ့ရပြီး အဲဒီဒဏ်ရာကို အင်းစိန်ထောင်ထဲမှာ အချိန်ယူကုသခဲ့ရပြီးနောက် တရားရင်ဆိုင်ဖို့အတွက် နေပြည်တော်ကို ပြောင်းရွှေ့ခဲ့ရပါတယ်။
နေပြည်တော်အချုပ်ထောင်မှာလည်း လမ်းလျှောက်ရင်းကနေ ခြေထောက်ကျိုးသွားတဲ့ အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလက နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။
ဦးရဲမင်းဦးဟာ NLD အစိုးရလက်ထက်မှာ နေပြည်တော် ဒု-မြို့တော်ဝန်၊ စည်ပင်သာယာ ရေး ကော်မတီ ဒု-ဥက္ကဋ္ဌနဲ့ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ စတဲ့ တာဝန်တွေကို ယူခဲ့ သူတစ်ဦး ဖြစ်ပါတယ်။