စစ်ရေးအရှိန်မြှင့်မှာကြောင့် ပြည်သူတွေ စစ်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ဖို့ YDF သတိပေး

မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်မှာဖြစ်တာကြောင့် စစ်ဆင်ရေးကာလအတွင်း အခက်အခဲမကြုံရအောင် ရိက္ခာနဲ့ ဆေးဝါးတွေ ကြိုတင်ပြင်ဆင်ထားဖို့ ထုတ်ပြန်ထားတာပါ။

ချင်းညီနောင် စစ်ဆင်ရေး (CB Operation) တွင် ပူးပေါင်းတိုက်ပွဲဝင်ခဲ့သော YDF တပ်ဖွဲ့ဝင်များအား ၂၀၂၄ခုနှစ် မေလ ၅ ရက်နေ့က ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် တွေ့ရစဉ်။ YDF

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ယောဒေသမှာ စစ်ရေးအရှိန်မြှင့်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်မှာဖြစ်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ထားဖို့ ယောကာကွယ်ရေးတပ် (YDF) က သတိပေးထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ထိန်းချုပ်နယ်မြေတွေမှာ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်မှာဖြစ်တာကြောင့် စစ်ဆင်ရေးကာလအတွင်း အခက်အခဲမကြုံရအောင် ရိက္ခာနဲ့ ဆေးဝါးတွေ ကြိုတင်ပြင်ဆင်ထားဖို့ ဇန်နဝါရီလ ၂၉ ရက်နေ့က ထုတ်ပြန်ထားတာပါ။

ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ စစ်ရေးအတွေ့အကြုံတွေအရ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ယောဒေမှာ စစ်ရေးအရှိန်မြှင့်သွားမှာ ဖြစ်ကြောင်း ယောကာကွယ်ရေးတပ် (YDF) တပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တကယ်တိုက်ပွဲဖြစ်လာရင် စစ်အန္တရာယ်ကို ရင်ဆိုင်ရဖို့အတွက် အဓိက စားနပ်ရိက္ခာပေါ့ ဆေးဝါး တိုက်ပွဲကာလဖြစ်ရင် ကြိုတင်ပြင်ဆင်ထားစေချင်လို့ ပြည်သူလူထုကို အသိပေးချင်လို့ ထုတ်ပြန်တာပါ။ ပြည်သူတွေ စစ်ဘေးဒဏ်ကိုရှောင်လာရပြီဆိုရင် ကိုယ့်ရဲ့ ပိုင်ဆိုင်မှု ရွှေ့ပြောင်းလို့ရတဲ့ပစ္စည်းတွေကို ရွှေ့ပြောင်းထားစေချင်တယ်”

ချင်းပြည်နယ် တောင်ပိုင်းက မင်းတပ်၊ ကျင်ဒွေးနဲ့ မတူပီမြို့သိမ်းတိုက်ပွဲတွေမှာ ချင်းညီနောင်မဟာမိတ်အဖွဲ့တွေနဲ့အတူ ယောကာကွယ်ရေးတပ် (YDF) က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

ယောဒေသလွတ်မြောက်ရေးအတွက် ချင်းညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ဒီဇင်ဘာ ၃၀ ရက်နေ့ကကျင်းပတဲ့ ချင်းညီနောင်မဟာမိတ်အဖွဲ့တည်ထောင်ခြင်း တစ်နှစ်ပြည်အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ယောကာကွယ်ရေးတပ်က ထည့်သွင်းပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org