YBS ယာဉ်မောင်းတွေ အချိန်ပိုကြေးမရလို့ သတင်းစာရှင်း

YBS ၂၀ နဲ့ ၃၈ က ယာဉ်မောင်း ၁၇ ယောက်ဟာ အချိန်ပိုဆင်းရတဲ့အတွက် အချိန်ပိုကြေးပေးဖို့ Omni Focus ကုမ္ပဏီကို ဥပဒေကြောင်းအရ တောင်းခံခဲ့ပေမယ့် ပြေလည်မှုမရဘဲ အလုပ်ထုတ် ခံရတာကြောင့် ရန်ကုန်မြို့က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးမှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ် ခဲ့ပါတယ်။

Omni Focus ကုမ္ပဏီပြေးဆွဲတဲ့ YBS ၂၀ ယာဉ်တွေကို တွေ့ရစဉ် Photo: Omni Focus-facebook

YBS ၂၀ နဲ့ ၃၈ က ယာဉ်မောင်း ၁၇ ယောက်ဟာ အချိန်ပိုဆင်းရတဲ့အတွက် အချိန်ပိုကြေးပေးဖို့ Omni Focus ကုမ္ပဏီကို ဥပဒေကြောင်းအရ တောင်းခံခဲ့ပေမယ့် ပြေလည်မှုမရဘဲ အလုပ်ထုတ်ခံရတာကြောင့် ရန်ကုန်မြို့က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးမှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

ကုမ္ပဏီကို ဥပဒေကြောင်းအရ ၃ ကြိမ်တိုင်တိုင် စာပေးပို့ပြီး အချိန်ပိုကြေးတောင်းခဲ့ပေမယ့် လိုက်လျောတာမရှိလို့ သတင်းစာရှင်းလင်းပွဲလုပ်ရတာလို့ အလုပ်ထုတ်ခံခဲ့ရတဲ့ ယာဉ်မောင်း ကိုစိုးသိန်းက ပြောပါတယ်။

"ကျနော်တို့က Omni Focus ကုမ္ပဏီရဲ့ ယာဉ်မောင်းတွေပါ၊ အဓိက ဒီနေ့လုပ်တာကတော့ OT ကြေးမပေး လို့ပေါ့နော်၊ OT ကြေးတွေတိုင်ထားတဲ့ဟာကို အလုပ်သမားရုံးကနေပြီးတော့ OT ကြေးတောင်းတဲ့ဟာသည် ဥပဒေအရ သူတို့တွက်ချက်တာ ပေးရမယ်ပေါ့နော်၊ မပေးလို့ရှိရင် တရားဥပဒေအရ အရေးယူမယ်ဆိုပြီးတော့ ၃ ကြိမ် ၃ ခါ ကုမ္ပဏီကို စာပို့တယ်၊ ကုမ္ပဏီဘက်က လိုက်နာခြင်းမရှိတဲ့အတွက် သတင်းစာရှင်းလင်းပွဲ လုပ်ရတာပါ၊ OT ကြေးတောင်းတဲ့သူတွေကိုပဲ အလုပ်ထုတ်လိုက်တဲ့သဘောပေါ့၊ အလုပ်ထုတ်ခံရတာ ၇ ဦး၊ ကျန်တဲ့ ၁၀ ယောက်ကျတော့ ထွက်စာတင်ပြီးထွက်ရတာပေါ့၊ ဖိအားတွေကြောင့်ပေါ့"

အဲဒီယာဉ်မောင်းတွေဟာ YBS ကားတွေကို ညပိုင်းမှာ CNG ဓာတ်ငွေ့တွေ လိုက်ဖြည့်ပေးရတာဖြစ်ပြီး ညနေ ၅ နာရီကနေ မနက် ၇ နာရီအထိ အလုပ်လုပ်ရတာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် မနက် ၁၀ နာရီလောက်အထိ အလုပ်လုပ်ရတာကြောင့် ယာဉ်မောင်းတွေက အချိန်ပိုကြေးတွေ တောင်းတာလို့ ကိုစိုးသိန်းက ပြောပါတယ်။

အချိန်ပိုကြေးတောင်းတဲ့ထဲက ယာဉ်မောင်း ၇ ယောက်ကို ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ဒီစက်တင်ဘာလမှာ အလုပ်ထုတ်ခဲ့ပြီးနောက် ကျန်တဲ့ ၁၀ ယောက်ကိုလည်း အလုပ်မလုပ်နိုင်အောင် အကြောင်းအမျိုးမျိုးနဲ့ ဖိအားတွေပေးတာကြောင့် ထွက်စာတင်ပြီးထွက်ခဲ့ရတာလို့လည်း ပြောပါတယ်။

YBS ၂၀ နဲ့ ၃၈ ယာဉ်လိုင်းတွေကို Omni Focus ကုမ္ပဏီက လုပ်ကိုင်နေတာဖြစ်ပြီး ယာဉ်လိုင်းပိုင်ရှင်တွေက ဦးကျော်နေဝင်းနဲ့ ဦးဇွဲနေဝင်းတို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org