ရန်ကုန်တိုင်း တစ်ခုလုံး တစ်ရက်လျှင် ရှစ်နာရီ မီးပြတ်မည်
ရန်ကုန်တိုင်းက မြို့နယ်အားလုံးအတွက် လျှပ်စစ်မီးဖြန့်ဝေမှုအတွင်း တစ်ရက်မှာ ၈ နာရီကြာ ဖြတ်တောက်မှာဖြစ်ပြီး တစ်ကြိမ်ဖြတ်ရင် လေးနာရီစီနဲ့ နှစ်ကြိမ်ဖြတ်ထားမယ်လို့ ပြောပါတယ်။
-
RFA Burmese
2024-11-05 -
-
-
ရန်ကုန်တိုင်းက မြို့နယ်အားလုံးအတွက် လျှပ်စစ်မီးဖြန့်ဝေမှုအတွင်း တစ်ရက်မှာ ၈ နာရီကြာ ဖြတ်တောက်မှာဖြစ်ပြီး တစ်ကြိမ်ဖြတ်ရင် လေးနာရီစီနဲ့ နှစ်ကြိမ်ဖြတ်ထားမယ်လို့ စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ နီးစပ်သူတွေက နိုဝင်ဘာလ ၅ ရက်နေ့မှာ ပြောပါတယ်။
အရင်ကတည်းက ဒီပုံစံအတိုင်း မြို့နယ်တွေကို လေးအုပ်စုခွဲပြီး လျှပ်စီမီးဖြတ်တောက်ခဲ့တာကြောင့် မီးလာချိန်ပိုရတဲ့ မြို့နယ်တွေလည်းရှိနေပြီး လက်ရှိမှာတော့ အုပ်စု နှစ်ခုပဲခွဲပြီး ဖြတ်တောက်မှာကြောင့် လျှပ်စစ်မီး အချိန်ပိုရတဲ့ မြို့နယ်တွေမရှိတော့ဘဲ တပြေးညီဖြစ်သွားမယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“အရင်ကတည်းက အုပ်စု လေးစုခွဲပေးနေတာပဲ။ ဒါပေမဲ့ တချို့နေရာတွေက ပိုလာတာမျိုးရှိတယ်။ အခုက အဲဒါမျိုးတွေကို ဖြတ်တာပေါ့”
လျှပ်စစ်ဌာနရဲ့ တစ်ရက်မှာ လေးနာရီ နှစ်ကြိမ်မီးဖြတ်တာက အချိန်မှန်ပေမဲ့ လျှပ်စစ်မီးပေးရမဲ့ မီးလာချိန်တွေအတွင်းမှာလည်း ထပ်မံဖြတ်တောက်ခံရတာတွေ ရှိနေတာကြောင့် အရင်ထက်မီးလာချိန် ပိုနည်းသွားတယ်လို့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
“အရင်ကလည်း ဒီတိုင်းပဲပေးတာ ဒါပေမဲ့ ပေးရမဲ့အချိန်ကို လျှော့ပစ်တာတော့ရှိတယ်။ ဥပမာ ၁ နာရီကနေ ၅ နာရီ ပေးတာဆိုရင် ၁ နာရီမှာ ခဏလာပြီး ၂ နာရီမှာ ပြတ်သွားရော ပြီးတော့ကျ ၅ နာရီထိုးခါနီးမှာ ခဏလေးလာတယ်။ ပြီးရင်ပြတ်သွားရော”
ရန်ကုန်မြို့မှာရှိတဲ့ စက်မှုဇုန်အားလုံးကိုတော့ တစ်နေ့ လေးနာရီသာ လျှပ်စစ်မီးပေးတော့မယ်လို့ စစ်ကောင်စီ အာဏာပိုင်တွေက အောက်တိုဘာ ၃၁ ရက်နေ့မှာ အကြောင်းကြားထားတယ်လို့ စက်မှုဇုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက စက်တင်ဘာ ၁ ရက်နေ့ကစပြီး နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားခတွေကို တိုးမြှင့်ကောက်ခံမယ်လို့ ကြေညာပြီးတဲ့နောက်ပိုင်း မီတာခတွေ ပိုဆောင်နေရတဲ့အပြင် ကုန်ထုတ်လုပ်မှုစရိတ်များလာပြီး ကုန်ပစ္စည်းဈေးနှုန်းတွေလည်း တက်လာတယ်လို့ လုပ်ငန်းရှင်တွေနဲ့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်ရဖို့ ဆောင်ရွက်နေတယ်လို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ပြောထားပါတယ်။
လျှပ်စစ်ဝန်ကြီးဌာနကတော့ တစ်နိုင်ငံလုံးမှာ ဓာတ်အားလိုအပ်ချက် ၅၅၀၀ မဂ္ဂါဝပ်ခန့်ရှိပေမဲ့ လက်ရှိတစ်ရက်ကို မဂ္ဂါဝပ် ၂၈၀၀ ခန့်သာ ထုတ်လုပ်နိုင်တာကြောင့် နိုင်ငံတစ်ဝန်း ၅၀ ရာခိုင်နှုန်းသာ မီးပေးနိုင်ကြောင်း ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။