ရန်ကုန်က မြို့နယ် ၁၃ ခုမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး တစ်ဦးသေဆုံး ၁၃ ဦးခန့် ဒဏ်ရာရ
ရန်ကုန်တိုင်း၊ မြို့နယ် (၁၃) မြို့နယ်ထဲမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့သလို ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
-
RFA Burmese
2023-12-16 -
-
-
ရန်ကုန်တိုင်း၊ မြို့နယ် (၁၃) မြို့နယ်ထဲမှာ ဒီဇင်ဘာလ ၁၅ ရက် မနေ့ညပိုင်းနဲ့ ဒီဇင်ဘာလ ၁၆ ရက် ဒီနေ့မနက်မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး တစ်ဦး သေဆုံးခဲ့သလို ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေ ပြောသလို စစ်ကောင်စီ ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဖော်ပြထားပါတယ်။
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အပါအဝင် ဒဂုံဆိပ်ကမ်း၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အလုံ၊ ရွှေပြည်သာ၊ တာမွေ၊ ဗိုလ်တထောင်၊ လသာ၊ မင်္ဂလာဒုံ၊ ကြည့်မြင်တိုင်၊ ဒလနဲ့ ဒေါပုံမြို့နယ်ထဲမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၆ ရက် ဒီနေ့မနက် ၈ နာရီခန့်မှာ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်၊ အမှတ် (၂) လမ်းမကြီးဘေး စက္ကူပုံးအတွင်းမှ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အမျိုးသားနှစ်ဦး ရင်ဘက်နဲ့ ခြေသလုံးတွေမှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ညပိုင်း ၇ နာရီကျော်မှာလည်း အလုံမြို့နယ်၊ စောရန်ပိုင် (တောင်) ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းပေါ် ဆောက်လုပ်ဆဲ Best Western ဟိုတယ်အတွင်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး တစ်ဦးဆေးရုံပို့ချိန် သေဆုံးခဲ့သလို လေးဦး ဒဏ်ရာရခဲ့တယ်လို့ အဲဒီအကြောင်းသိတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ အလုံမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“Bluetooth ဆောင်းဘောက်စ်ကနေ ပေါက်တယ်လို့ ပြောနေကြတယ်။ ထိတာက ငါးဦး၊ လုံခြုံရေးဝန်ထမ်းတွေလို့ ကြားတယ်။ မိန်းကလေး တစ်ဦးပါတယ်။ အဲထဲက တစ်ယောက်တော့ ဆေးရုံပို့တဲ့အချိန် ဆုံးသွားတယ်တဲ့။ သွားမကြည့်ရဲတော့ သေချာမသိဘူး။ သိတဲ့တစ်ယောက်က ပြန်ပြောပြတာပါ။ အခြေအနေ ဆိုးတယ်တဲ့။ အဖမ်းအဆီးတွေရှိတယ်ကြားလို့ အပြင်မထွက်ရဲဘူး။ နေ့လယ်လောက်မှ ထွက်တာ”
မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်၊ ကာယ ၉/ခ လမ်းမှာလည်း မနေ့ည ၇ နာရီခွဲခန့်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့သလို နောက်ထပ်နေရာနှစ်ခုမှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့လို့ သုံးဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တာမွေမြို့နယ်၊ တာမွေကြီး (က+ဂ) ရပ်ကွက်၊ ကျိုက္ကဆံလမ်း၊ ၁၅၄ လမ်းနဲ့ ၁၅၅ လမ်းကြား၊ စိန်အပေါင်ဆိုင်ရှေ့ ကားလမ်းပေါ်မှာလည်း ည ၇ နာရီဝန်းကျင် လက်လုပ်ဗုံး ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ သမာစိတ္တ (၁) လမ်းမှာလည်း မနေ့ည ၇ နာရီခန့်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့သလို ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉) ရပ်ကွက်မှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
တောင်ဒဂုံမြို့နယ် ၁၇ ရပ်ကွက်၊ ပိတောက်မြိုင် (၁) လမ်းမှာလည်း ည ၁၀ နာရီခန့် ဗုံးပေါက်ကွဲမှုကြောင့် တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်တွေမှာ ဖော်ပြထားပါတယ်။
ရွှေပြည်သာမြို့နယ်၊ (၆) ရပ်ကွက်၊ ကားကြီးဂိတ်အနီးမှာလည်း မနေ့ညပိုင်း ပေါက်ကွဲမှုဖြစ်ခဲ့သလို ကြည့်မြင်တိုင်မြို့နယ်၊ သာဓုအရှေ့ရပ်ကွက်၊ အထက်ကြည့်မြင်တိုင်လမ်း၊ ရထားသံလမ်းနားမှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒလမြို့နယ်မှာလည်း ည ၇ နာရီကျော်က ပေါက်ကွဲမှုဖြစ်ခဲ့သလို နောက်ထပ် မပေါက်ကွဲသေးတဲ့ Bluetooth ဆောင်းဘောက်စ် ဗုံးတစ်လုံးတွေ့လို့ ဖောက်ခွဲခဲ့ကြတယ်လို့ ဒလမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒလမြို့နယ်တရားရုံး ခေါင်းရင်းနားမှာပေါ့ Bluetooth ဘောက်စ်နဲ့ ထောင်တာတွေ့တော့ ဖောက်ခွဲလိုက်တယ် ပြောတယ်။ ဗိုလ်ရန်ပြေ ရပ်ကွက်ပေါ့။ မြို့နယ်အုပ်ချုပ်ရေးရုံးကနေ တစ်ရုံးကျော်မှာ တရားရုံးပေါ့။ တရားရုံး ခေါင်းရင်းမှာ လမ်းရှိတယ်။ အဲလမ်းပေါ်မှာ ဖောက်ခွဲလိုက်ကြတာပေါ့။ မြို့နယ်အုပ်ချုပ်ရေးရုံးက ညနေ ည ၆ နာရီဆိုရင် ရှေ့ကဖြတ်သန်းခွင့်မပေးဘူးလေ။ အဲအချိန်ကျော်သွားပြီးမှ ဖြစ်တာ”
အဲဒီ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန်ပြောဆိုထားတာ မရှိသေးသလို ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးတာနဲ့ ဒဏ်ရာရတဲ့အပေါ် RFA အနေနဲ့ သီးခြားအတည်ပြုလို့ မရသေးပါဘူ။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဗုံးထောင်သူတချို့ကို ဖမ်းမိတာတွေရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရသူ တိုင်းဥပဒေချုပ် ဦးဌေးအောင်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ဒီဇင်ဘာလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေကလည်း ရန်ကုန်တိုင်း၊ ရွှေပြည်သာနဲ့ မြောက်ဒဂုံ နှစ်မြို့နယ်မှာ ဗုံးငါးလုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။