တရုတ်နဲ့ ရုရှားကို နိုင်ငံတကာက ဖိအားပေးဖို့ ယန်ဟီးလီ တောင်းဆို
ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက မြန်မာနိုင်ငံတွင်းကို ဝင်ရောက်ခွင့် ပိတ်ပင်ခံလိုက်ရတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် ယန်ဟီးလီ က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာ့တပ်မတော်ရဲ့ နှိမ်နင်းမှုကို ရပ်တန့်စေဖို့ ကုလသမဂ္ဂရဲ့ ဆောင်ရွက်ချက်တွေမှာ ဝင်ရောက်ပူးပေါင်းပြီး ရပ်တည်မပေးတဲ့အတွက် တရုတ်နဲ့ ရုရှားနိုင်ငံတွေကို နိုင်ငံတကာက ဖိအားပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။
-
2017-12-28 -
-
-
ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက မြန်မာနိုင်ငံတွင်းကို ဝင်ရောက်ခွင့် ပိတ်ပင်ခံလိုက်ရတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် ယန်ဟီးလီ က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာ့တပ်မတော်ရဲ့ နှိမ်နင်းမှုကို ရပ်တန့်စေဖို့ ကုလသမဂ္ဂရဲ့ ဆောင်ရွက်ချက်တွေမှာ ဝင်ရောက်ပူးပေါင်းပြီး ရပ်တည်မပေးတဲ့အတွက် တရုတ်နဲ့ ရုရှားနိုင်ငံတွေကို နိုင်ငံတကာက ဖိအားပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံထဲက သိန်းနဲ့ချီတဲ့သူတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ခွာသွားရအောင် မြန်မာစစ်တပ်က ဖြိုခွင်းမှု အတွက် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တွေက ရှုတ်ချရာမှာ တရုတ်ရော၊ ရုရှားမပါဝင်ခဲ့ပါဘူး။ အဲဒီအတွက် တရုတ်နဲ့ရုရှားကို လူ့အခွင့်အရေးဘက်က ရပ်တည်လာအောင် ဖျောင်းဖျနားသွင်းကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်လို့ ယန်ဟီးလီက ရိုက်တာသတင်း ဌာနနဲ့ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောဆိုသွားခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဟွာချန်ယိန်းကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြင်ပကဖိအားပေးမှုတွေဟာ မြန်မာပြည်တွင်းက ပြဿနာတွေကို ဖြေရှင်းပေးရာ မရောက်တဲ့အပြင် ပိုပြီးတော့တောင် ရှုပ်ထွေးလာစေလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ပြောကြားပါတယ်။
အဲဒီလိုတွေဖြစ်လာရင် မြန်မာနိုင်ငံက အကျိုးရှိလာမှာမဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေ ဒါမှမဟုတ် နိုင်ငံတကာ အသိုင်းအဝိုင်းကသာ အကျိုးရှိသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ပြဿနာကို မြန်မာနိုင်ငံအစိုးရ ကိုယ်တိုင် ပြီးမြောက်အောင် ဖြေရှင်းနိုင်စေဖို့အတွက် နိုင်ငံတကာနဲ့ ပြင်ပအသိုင်းအဝိုင်းတွေအနေနဲ့ အပြုသဘောဆောင်တဲ့ ဝန်းကျင်အနေအထားကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း မစ္စဟွာချန်ယိန်းက ပြောကြားခဲ့ပါတယ်။