အချိန်မနှောင်းခင် နားမျက်စိဖွင့်ပြီးကြည့်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယန်ဟီးလီတိုက်တွန်း

ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးနဲ့ပတ်သက်ပြီး အချိန်မနှောင်းခင် မျက်လုံးဖွင့် နားစွင့်ပြီး၊ နှလုံးသားနဲ့ ခံစားကြည့်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၉၊ စက်တင်ဘာ ၃ ရက်နေ့က တွေ့ရစဉ် ဓါတ်ပုံ - သီဟထွန်း/ RFA

ဆွစ်ဇလန်နိုင်ငံ ဂျီနီဗာမှာကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ လူ့အခွင့်ရေးအထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီက ရိုဟင်ဂျာ တွေ နေရပ်ပြန်နိုင်ရေးနဲ့ ပတ်သက်ပြီးတော့ အချိန်မနှောင်းခင် မျက်လုံးဖွင့် နားစွင့်ပြီး၊ နှလုံးသားနဲ့ ခံစားကြည့်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေဟာ အင်မတန်စိုးရိမ်စရာ အနေအထားကို ရောက်ရှိနေကြောင်းနဲ့ ဒီလိုအခြေအနေတွေက သူနဲ့ တခြားသူတွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရွေးကောက်ပွဲအောင်နိုင်ပြီး အစိုးရဖြစ်လာတဲ့ လေးနှစ်ကြာမြင့်ချိန်ထိ မျှော်လင့်ခဲ့တဲ့အရာတွေ မဟုတ်ဘူးလို့
ကုလလူ့အခွင့်အရေးကောင်စီမှာ မစ္စယန်ဟီးလီက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောခွင့်ရ ဒေါက်တာ မျိုးညွန့်ကတော့ မစ္စယန်ဟီးလီဟာ ပုဂ္ဂိုလ်ရေးအရ တိုက်တွန်းတာဖြစ်တဲ့အတွက် သူ့အနေနဲ့ မှတ်ချက်မပြုလိုဘူးလို့ ပြောပါတယ်။ NLD ပါတီအနေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆန္ဒရှိကြောင်းနဲ့ ဖြစ်နိုင်ရင် နိုင်ငံထဲ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အသေးစိတ် လေ့လာစေလိုကြောင်း ပြောပါတယ်။ ဒါပေမဲ့ ပြည်တွင်းရေးကိစ္စကို NLD နဲ့ ပြည်သူပြည်သားတွေ အသိဆုံးဖြစ်တာကြောင့် ပြည်သူပြည်သားတွေ ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။

"(ကုလ) ပူးပေါင်းဆောင်ရွက်လို့ရတဲ့အပိုင်းမှာ ကျနော်တို့အမြဲတမ်း ပူးပေါင်းဆောင်ရွက်နေတာလည်း သိတာပါပဲ။ ဒါပေမယ့်ကျနော်တို့ ဘာတွေဆောင်ရွက်နိုင်မယ် မဆောင်ရွက်နိုင်ဘူးဆိုတာကတော့ တခါတရံမှာ နိုင်ငံပြင်ပနေသူတွေ မသိနိုင်တဲ့ ကိစ္စတွေဖြစ်ပါတယ်"

နိုင်ငံတော် အတိုင်ပင်ခံရုံးနဲ့ နိုင်ငံတော် သမ္မတရုံးတို့ကို ဒီကနေ့ ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ တိုက်တွန်းချက်ထဲမှာ မြန်မာအစိုးရဟာ ဒုက္ခသည် လက်ခံရေးအတွက် အဆင်သင့်ဖြစ်ပြီလို့ ပြောသလို၊ ဘင်္ဂလားဘက်ကို အပြစ်တင်တာမျိုးလည်း တွေ့ရတယ်။ ဒါပေမဲ့ သူသိရှိထားတဲ့အချက်တွေက မြန်မာဘက်ကပြောတာနဲ့ ကွဲလွဲနေတာက အမှန်တွေ ဖြစ်တယ်လို့လည်း ဝေဖန်ထားပါတယ်။

ဂြိုလ်တုဓာတ်ပုံကနေ ရရှိတဲ့အချက်လက်တွေအရ မောင်တောခရိုင်မှာ စစ်ဖက်ဆိုင်ရာစခန်းအသစ် ခြောက်ခုကို တစ်ချိန်က ရိုဟင်ဂျာတွေ နေထိုင်ခဲ့တဲ့ရွာတွေကို ဖျက်ပြီး တည်ဆောက်ထားတာဖြစ်တယ်လို့လည်း သူ့ရဲ့အစီရင်ခံစာထဲမှာ ထောက်ပြထားပါတယ်။

၂၀၁၇ ရိုဟင်ဂျာရှင်းလင်းရေး စစ်ဆင်ရေးမှာ ရွာပေါင်း ၃၉၂ ခု ဖျက်ဆီးခံလိုက်ရပြီး၊ ရွာပျက် ၃၂၀ ကိုလည်း မြန်မာအစိုးရက တည်ဆောက်ပေးဖို့ ကြိုးစားတာမျိုးလည်း မတွေ့ရသလို၊ အဲဒီထဲက ၄၀ ရာခိုင်နှုန်းလောက်ဟာ အပြီးတိုင်ဖျက်ဆီးခံလိုက်ရတယ်လို့ သူ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

မနေ့က ကုလအချက်လက်ရှာဖွေရေးကော်မရှင် FFM က တပ်မတော်ရဲ့ကျူးလွန်မှုတွေကို ရဝမ်ဒါ၊ ယူဂိုဆလားဗီးယားလို လူမျိုးတုန်းသတ်ဖြတ်တွေကို နိုင်ငံတကာ ခုံရုံးတင်စစ်ဆေးခဲ့သလိုမျိုး တရားစွဲတင်ဖို့အတွက် ကုလလုံခြုံရေးကောင်စီကို တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်းကတော့ လူမျိုးတုန်း သတ်ဖြတ်မှုတွေမရှိကြောင်းနဲ့ ထင်ရာ မြင်ရာတွေကိုသာ တစ်ဖက်သတ် စွပ်စွဲနေတာဖြစ်ကြောင်း ပြန်လည်ချေပ ပြောဆိုခဲ့ပါတယ်။ ကုလလုံခြုံရေးကောင်စီမှာ FFM က တိုက်တွန်းလိုက်တာနဲ့ ပတ်သက်ပြီး တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့

"ဒီ FFM ပဲဖြစ်ဖြစ်၊ နောက်ဖွဲ့လိုက်တဲ့ IMM ဖြစ်ဖြစ် ဒီအဖွဲ့တွေက မြန်မာပြည် ပြင်ပကနေပြီးတော့ တစ်ဘက်စကားကိုသာယူပြီးတော့ ဆုံးဖြတ်ပြောဆိုနေတာကို တွေ့ရပါတယ်။ ဒါကလည်း သူတို့ရဲ့ လုပ်နေကျ အလုပ်ပါပဲ။ ဒါနဲ့ပတ်သက်ပြီးတော့ ထွေထွေထူးထူး ပြောနေစရာမရှိပါဘူး"

ဒီလ အစောပိုင်းမှာ တပ်မတော်က ရခိုင်မြောက်ပိုင်း ဘူးသီးတောင်နယ်၊ ဂူတာပြင်မှာ တပ်မတော်သားတွေ စည်းကမ်းလိုက်နာမှု အားနည်းတာရှိလို့ စစ်ခုံရုံးတင် အရေးယူဖို့ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဂူတာပြင်မှာ သတ်ဖြတ်ခံရသူတွေဟာ အကြမ်းဖက်သမား ၁၉ ဦး ဖြစ်တယ်လို့ RFA ကို ပြောဆိုထားဖူးပါတယ်။

အချက်လက်ရှာဖွေရေးမစ်ရှင်ရဲ့ နောက်ဆုံးအစီရင်ခံစာကို နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာအဖွဲ့ (AI)၊ အပြည်ပြည်ဆိုင်ရာ တရားရေးကော်မရှင် (ICJ) တို့ကလည်း ကြိုဆိုကြောင်း ဂျီနီဗာအစည်းဝေးမှာ ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။ ICJ ကတော့ ကုလလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံတစ်ခုလုံးကို အရေးယူတာထက်၊ ရာဇဝတ်မှုကျူးလွန်သူတွေကိုသာ နိုင်ငံတကာစံနှုန်းနဲ့အညီ ပစ်မှတ်ထား အရေးယူပေးဖို့ တင်ပြဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ တိုးတက်ဖို့အတွက် မြန်မာလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်နဲ့ သီးခြားလွတ်လပ်ခွင့်တွေကို တိုးချဲ့ဖို့လိုအပ်နေကြောင်း၊ စစ်ရာဇဝတ်မှုတွေကို မျက်ကွယ်ပြုထားတဲ့ တပ်မတော်အက် ၁၉၅၉ အက်ဥပဒေ နဲ့ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ တို့ကို ပြင်ဆင်ဖို့လိုအပ်နေကြောင်း ထောက်ပြထားပါတယ်။

တပ်မတော်အက် ပြင်ဆင်ရေးအကြံပြုချက်ကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက

"ကျနော်ပြောချင်တာကတော့ သူတို့ ဒီ တပ်မတော်အက်ဥပဒေနဲ့ ပတ်သက်ပြီးတော့ လေ့လာပြီးပြီလားဆိုတာပဲ .. ကျနော်က ပြောချင်တယ်"

ရိုဟင်ဂျာ အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေကတော့ ဂူတာပြင်မှာ သတ်ဖြတ်ခံရသူတွေဟာ အရပ်သားတွေဖြစ်တယ်၊ သတ်ဖြတ်ခံရသူ ရာဂဏန်းရှိတယ်လို့ ပြောဆိုကြောင်း ၂၀၁၈ တုန်းက AP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ တပ်မတော်ဘက်ကတော့ အခုလိုအရေးယူတာတွေက AP သတင်းနဲ့မဆိုင်ဘူးလို့ ငြင်းချက်ထုတ်ထားပါတယ်။ အချက်အလက် ရှာဖွေရေးမစ်ရှင် FFM က မြန်မာနိုင်ငံရဲ့ တပ်မတော်ရဲ့ ပြည်တွင်းစုံစမ်းစစ်ဆေးမှုဟာ နစ်နာသူတွေအတွက် တရားမျှတမှုကို ဆောင်ကျဉ်းပေးနိုင်မှာမဟုတ်ဘူးလို့ RFA ကို ပြီးခဲ့တဲ့အပတ်က အီးမေးလ်နဲ့ ဖြေကြားထားပါတယ်။

(RFA သတင်းထောက် ကိုမိုးမြင့် ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org