စာရေးဆရာ ညီပုလေး ကွယ်လွန်

စာရေးဆရာ ညီပုလေးဟာ ဇွန်လ ၂၁ ရက် မနက် ၁၀ နာရီမှာ မန္တလေးမြို့က သူရဲ့ နေအိမ်မှာပဲ ဆုံးပါးသွားတယ်လို့ ပြောပါတယ်။

စာရေးဆရာ ညီပုလေးအား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။

စာရေးဆရာ ညီပုလေးဟာ ဇွန်လ ၂၁ ရက် မနက် ၁၀ နာရီမှာ မန္တလေးမြို့က သူရဲ့ နေအိမ်မှာပဲ ဆုံးပါးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။

နှလုံးရောဂါအခံရှိတဲ့ ဆရာညီပုလေးဟာ မနက်ခင်း လမ်းလျှောက်ပြီး နေအိမ်ကို ပြန်လာချိန် ရုတ်တရက် အမောဖောက်ပြီး အသက်ဆုံးပါးသွားတာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"ဒီနေ့မနက် လမ်းလျှောက်ပြီး အပြင်ကပြန်လာချိန်မှာပဲ ဖြစ်သွားတာလို့ သိရတယ်။ ရုတ်တရက် အမောဖောက် ကျပ်ပြီးတော့မှ အသက်ရှူရပ်သွားတာ၊ ရောဂါအခြေအနေကို သိပ်တောင်မခံစားလိုက်ရဘူးပေါ့"

ဆရာညီပုလေးကို ဖခင် သတင်းစာဆရာကြီး လူထုဦးလှနဲ့ မိခင် စာရေးဆရာမ လူထုဒေါ်အမာတို့က ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်ရှိပါပြီ။

ဝတ္တုတို၊ ဝတ္တုရှည် စာအုပ်များစွာ ရေးသားခဲ့ပြီး သူ့ထက်ကဲ ရွှေပြည်စိုး ညီပုလေး၊ တကြောင်းဆွဲ ကလေးပန်းချီနှင့် အခြားဝတ္တုတိုများ၊ လမင်းရဲ့ ချိုသာတဲ့ လက်ခုပ်သံ၊ လူအ အိပ်မက် ဝတ္ထုတိုများ၊ လီဒို ဟူးကောင်း မင်ခြစ်မှတ်စုများ စတဲ့စာအုပ်တွေက ထင်ရှားပါတယ်။

သူဟာ သဟာယ စာပေဆု၊ တော်ဘုရားလေး (အောင်ဇေ) အမှတ်တရစာပေဆု တွေအပြင် ၂၀၁၆မှခုနှစ်မှာ "ထက်မြက်သော ဓားသွားပေါ်က ချိုမြမြပျားရည်စက်" စာအုပ်နဲ့ အမျိုးသားစာပေဆု ရရှိခဲ့သူဖြစ်ပါတယ်။

စာရေးဆရာ ညီပုလေးဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org