ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့အမျိုးသမီးအဖွဲ့ ဂုဏ်ပြု

နယ်ပယ်အသီးသီမှာ ဦးဆောင် လှုပ်ရှားခဲ့ကြသူ ကမ္ဘာတဝန်းက အမျိုးသမီးတွေကို အားပေး ဂုဏ်ပြုနေတဲ့ Vital Voices ခေါ် အမျိုးသမီးအဖွဲ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာလုံးဆိုင်ရာ ဦးဆောင် ဦးရွက်ပြုသူဆု ချီးမြှင့်လိုက်ပြီး၊ ဆယ်စုနှစ်ရဲ့အသံ (Voice of Decade) အဖြစ် သတ်မှတ် ဂုဏ်ပြုလိုက်ပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆယ်စုနှစ်၏ အသံ (Voice of Decade) ဆု ချီးမြှင့်သော ဧပြီ ၁၂ ရက်နေ့ အခမ်းအနားတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် မိန့်ခွန်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo Courtesy of Vital Voices) Photo Courtesy of Vital Voices

ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော် ကနေဒီခန်းမ မှာ ဧပြီ ၁၂ ရက် မနေ့က ကျင်းပခဲ့ တာပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မတက်ရောက်နိုင်ပေမဲ့ အဲဒီဆုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပေးအပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကဏ္ဍပေါင်းစုံမှာ ထူးထူးချွန်ချွန် ဆောင်ရွက်နေတဲ့ နိုင်ငံတကာက အမျိုးသမီးငါးဦးကိုလည်း ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်သူတွေအဖြစ် ဆုပေးအပ်ခဲ့ပါတယ်။

ဒီနှစ်ဟာ Vitial Voices အဖွဲ့ ၁၀ နှစ်ပြည့်မြောက်တဲ့နှစ် ဖြစ်တာနဲ့အညီ အမျိုးသမီး ဦးဆောင်မှု ဆု အပြင် ဆယ်စုနှစ်ရဲ့ အသံ အဖြစ် နိုင်ငံတကာ နယ်ပယ်အသီးသီးမှာ ဦးဆောင်နေတဲ့ အမျိုးသမီး ဦးရေ တသောင်းထဲကနေ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ် သတ်မှတ်ခဲ့တာဖြစ်ကြောင်း Vital Voices ရဲ့ ဥက္ကဋ္ဌ Alyse Nelson က RFA ကို ပြောပါတယ်။

နှစ်စဉ် ချီးမြှင့်လာတာဟာလည်း ၁၀ နှစ်ရှိသွားပြီဆိုတော့ ဒီနှစ်အတွက် အထူး ဂုဏ်ပြုဆုအဖြစ် အမျိုးသမီးထုရဲ့ ဆယ်စုနှစ်အသံဆုကို ရွေးချယ်ချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီမှာ ဆုနဲ့ ထိုက်တန်တဲ့ အမျိုးသမီးဆိုလို့ ဒေါ်အောင်ဆန်းစုကြည်တယောက်ပဲ ရှိပါတယ်လို့ ပြောသွားခဲ့တာပါ။ Alyse Nelson ဟာ မကြာခင်က မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့လည်း ပြောပါတယ်။

Vital Voices အဖွဲ့ကို ၁၉၉၇ ခုနှစ်မှာ အဲဒီတုံးက အမေရိကန် သမတကတော် ဖြစ်သူ ဟီလာရီ ကလင်တန် နဲ့ နိုင်ငံခြားရေးဝန်ကြီး မယ်ဒလင်း အောလ်ဘရိုက် တို့က အစိုးရဆိုင်ရာ အသင်းတခုအနေနဲ့ ထူထောင်ခဲ့ကြပြီး ၂၀၀၀ ပြည့်နှစ်မှာ ကမ္ဘာလုံးဆိုင်ရာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခု ဖြစ်လာခဲ့ပါတယ်။

အဲဒီ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားမှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေးဖြစ်စဉ်မှာ လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ပေးဖို့ မြန်မာအစိုးရကို သူ့အနေနဲ့ ထပ်မံတိုက်တွန်းကြောင်း ပြောသွားပါတယ်။

နိုင်ငံရေးမှာ ပါဝင် လှုပ်ရှားသူ အားလုံးအတွက် လွတ်လွတ်လပ်လပ် စုရုံးခွင့်၊ ထုတ်ဖော် ပြောဆိုခွင့်နဲ့ လှုပ်ရှားခွင့်တွေကို အာဏာပိုင်တွေဖက်က အာမခံပေးဖို့ လိုတယ်လို့လည်း Mrs. ကလင်တန်က ထောက်ပြလိုက်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA မှ ဒေါ်အင်ကြင်းနိုင်က စုစည်း တင်ပြထားပါတယ်။
စုစည်းတင်ပြချက်
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org