အမျိုးသမီးများအတွက် တရားမျှတမှု တောင်းဆိုတဲ့ ဗီဒီယို WLB ဖြန့်ချိ

စစ်ရာဇဝတ်မှု နဲ့ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ မြန်မာစစ်အစိုးရရဲ့ ရာဇဝတ်မှုတွေ အတွက် ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဆောင်ရွက်ပေးဖို့ အမျိုးသမီးများအဖွဲ့ချုပ် ( မြန်မာနိုင်ငံ ) WLB က တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့က ပြုလုပ်သော အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ၏ “မြန်မာအမျိုးသမီးများ အတွက် တရားမျှတမှုကို ဆောင်ကျဉ်းပါ" အမည်ရတဲ့ ဗီဒီယို မှတ်တမ်းခွေ ထုတ်ဝေဖြန့်ချိပွဲတွင် အမျိုးသမီးများအဖွဲ့ချုပ် အဖွဲ့ဝင်များ ရှင်းလင်းတင်ပြနေစဉ်။ WLB

“ မြန်မာအမျိုးသမီးများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းပါ" အမည်ရတဲ့ ဗီဒီယို မှတ်တမ်းခွေ တစ်ခုကို WLB က ထုတ်ေ၀ ဖြန့်ချိလိုက်တဲ့ တပြိုင်နက်တည်း ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ မြန်မာစစ်တပ်ရဲ့ ကျေးကျွန်တွေအဖြစ် အသုံးပြုခံနေရတဲ့ပြီး အခုအချိန်အထိ ရပ်တန့်မှု မရှိဘဲ ပိုမိုဆိုးဝါးစွာ ဖြစ်ပေါ်နေတဲ့ အကြောင်းကို နိုင်ငံတကာက သိအောင် ထုတ်ဖော်လိုတဲ့ အတွက် အထူးစုံစမ်းရေး အဖွဲ့ ဖွဲ့ပြီး လုပ်ဆောင်ပေးဖို့၊ နိုင်ငံတကာ ခုံရုံးမှာ တရားမျှတမှုကို တောင်းဆိုပေးဖို့ ရည်ရွယ်ကြောင်း WLB သဘာပတိ အဖွဲ့ဝင် မဂျန်မွန်းနေလီက ရှင်းပြပါတယ်။

မြန်မာ စစ်အစိုးရ အနေနဲ့ အမျိုးသမီးတွေ အပေါ် အဓမ္မ ပြုကျင့်မှုတွေ အပါအဝင် အခြား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကျူးလွန်ခွင့်ပြုထားတာ ဒီမှတ်တမ်း ဗီဒီယိုက သက်သေပြနေပါကြောင်း၊ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ လူ့အခွင့်အရေး၊ အခြေခံ လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးတွေ နဲ့ ပတ်သက်ပြီး လိုက်နာ ဆောင်ရွက်ဖို့ ကတိပြုထားတဲ့ အတိုင်း ဆောင်ရွက်ပေးကြဖို့ အမျိုးသမီးများ အဖွဲ့ချုပ် ( မြန်မာနိုင်ငံ) က တိုက်တွန်း တောင်းဆိုလိုပါကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org