ဦးဝီရသူကို ရုံးထုတ်ပေးဖို့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေ တောင်းဆို

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဦးဝီရသူကို ရုံးတင်စစ်ဆေးမှု မရှိတဲ့အတွက် ရုံးထုတ်ပေးဖို့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက ဇန်နဝါရီလ ၁၂ ရက် ဒီနေ့ မနက်ပိုင်းမှာ အနောက်ပိုင်းခရိုင် တရားရုံးရှေ့မှာ လာရောက်တောင်းဆိုခဲ့ကြပါတယ်။

ဦးဝီရသူကို ရုံးထုတ်ပေးဖို့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေက ၂၀၂၁၊ ဇန်နဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးရှေ့မှာ လာရောက်တောင်းဆိုနေကြစဉ် ဓာတ်ပုံ - အောင်သိင်္ခ/ RFA

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဦးဝီရသူကို ရုံးတင်စစ်ဆေးမှု မရှိလို့ ရုံးထုတ်ပေးဖို့ အမျိုးသားရေးတက်ကြွ လှုပ်ရှားသူတွေက ဇန်နဝါရီလ ၁၂ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာ အနောက်ပိုင်းခရိုင် တရားရုံးရှေ့မှာ လာရောက်တောင်းဆိုခဲ့ကြပါတယ်။

တောင်းဆိုသူတွေထဲ လူအင်အား ၅၀ ကျော်နဲ့ သံဃာတော် အပါး ၃၀ လောက် ပါဝင်ပါတယ်။ ရဲအင်အား ၅၀ လောက်လည်း လုံခြုံရေး ရယူခဲ့ရပါတယ်။

ဦးဝီရသူဟာ ၂၀၁၉ ခုနှစ်အတွင်း မြိတ်မြို့နဲ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲတွေမှာ အစိုးရအဖွဲ့နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို အကြည်ညိုပျက်အောင် ဟောပြောခဲ့တဲ့အတွက် ပုဒ်မ ၁၂၄ (က) နဲ့ အမှုဖွင့်ခံခဲ့ရပါတယ်။

ဒီအမှုအတွက် ဖမ်းဝရမ်းထုတ်ခဲ့ပေမယ့် ဦးဝီရသူဟာ တနှစ်ကျော်ကြာ တိမ်းရှောင်နေပြီး ရွေးကောက်ပွဲ ကျင်းပခါနီး ခြောက်ရက်အလို ၂၀၂၀ နိုဝင်ဘာလ ၂ ရက်နေ့ကျမှ ရန်ကုန် အနောက်ပိုင်းခရိုင် ရဲစခန်းမှာ သွားရောက် အဖမ်းခံခဲ့တာပါ။

နိုဝင်ဘာလ ၃ ရက်နေ့မှာတော့ ဗီဒီယိုအွန်လိုင်းစနစ် (Video Conferencing) နဲ့ ကြားနာပြီး ချုပ်ရက်ရမန်ယူခဲ့ပြီး လက်ရှိမှာ ဦးဝီရသူကို အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။

သူ့ကို ဖမ်းဆီးလိုက်ပြီးနောက် တစ်ကြိမ်မှ ရုံးထုတ်စစ်ဆေးတာမရှိသေးဘူးလို့ အမျိုးသားရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ပုဒ်မ ၁၂၄ (က) ဟာ ပြစ်မှုထင်ရှားမယ်ဆိုရင် အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်း-အနှစ် (၂၀) အထိ ကျခံရနိုင်တဲ့အပြင် ငွေဒဏ်လည်း ကျခံရနိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org