ဝိုင်းမော်မှာ လက်နက်ကြီးကြောင့် အရပ်သား တစ်ဦး သေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ

RFA Burmese
2024.06.10
ဝိုင်းမော်မှာ လက်နက်ကြီးကြောင့် အရပ်သား တစ်ဦး သေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ ခတ်ချိုကျေးရွာမှ ဒဏ်ရာရ လူနာများအား မြစ်ကြီးနားဆေးရုံသို့ ၂၀၂၄ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ ညက ပို့ဆောင်စဉ်။
Facebook/မွန်မြတ်စေတနာ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာကို ဇွန် ၁၀ ရက်နေ့ ညမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သား တစ်ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၂၇ နှစ်အရွယ် ဦးအောင်ကျော်စိုးဖြစ်ပြီး ဒဏ်ရာရရှိသူတွေကလည်း သူ့ မိသားစုဝင်တွေ ဖြစ်ပါတယ်။

မိသားစုညစာ စားနေချိန်မှာ လက်နက်ကြီးကျည်က အိမ်ပေါ်တည့်တည့် ကျခဲ့တာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“သူ့မိသားစုအိမ်မှာ ထမင်းစားနေတယ် အဲမှာ မီးဖိုချောင်ဘေးမှာ ကျတာ။ သေတဲ့သူရော၊ ဒဏ်ရာရသူရော အားလုံး အဲအိမ်ကပဲ။ လက်နက်ကြီးက နှစ်လုံးကျတယ် ရွာကို။ အဲဒီအိမ်မှာက တစ်လုံးကျတယ်။ အဲဒီအိမ်နဲ့ သိပ်မဝေးတဲ့နေရာတဲ့ နေရာမှာလည်း တစ်လုံးကျတယ်”

အသက် ၂၅ နှစ်ကနေ ၆၂ နှစ်အကြားက အမျိုးသမီး လေးဦးနဲ့ အမျိုးသား သုံးဦး ဒဏ်ရာရခဲ့တာပါ။

ဒဏ်ရာရတဲ့သူတွေထဲက လေးဦးက ပြင်းထန်တဲ့အတွက် မြစ်ကြီးနားဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ပြောပါတယ်။

ဒီလက်နက်ကြီးကျည်ကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ကချင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေတုန်းကလည်း ခတ်ချိုရွာထဲ လက်နက်ကြီးကျည် ကျရောက်ပြီး ကလေးတွေ အပါအဝင် ဒေသခံ ခြောက်ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၉၄၂ ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် အရပ်သား ၃၈၆၆ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။