ရေဖြူမှာ လက်နက်ကြီးကျလို့ မောင်နှမနှစ်ဦးသေဆုံး

ရေဖြူမြို့နယ် ကံပေါက်ဒေသ ဇာဒီရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် မောင်အောင်မျိုးဇော်နဲ့ မပွင့်ပွင့်တို့ မောင်နှမနှစ်ဦး သေဆုံးခဲ့ပါတယ်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့ အဝင်တစ်နေရာကို တွေ့ရစဉ်။ The Tanintharyi Times

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသ ဇာဒီရွာမှာ မေလ ၁၅ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၆ နှစ်အရွယ် မောင်အောင်မျိုးဇော်နဲ့ အသက် ၁၁ နှစ်အရွယ် မပွင့်ပွင့်တို့ မောင်နှမနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ မောရ၀တီ ရေတပ်စခန်းဌာနချုပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောပါတယ်။

“ကလေးနှစ်ယောက်က အိမ်အနောက်ဘက်မှာ ထမင်းစားနေကြတာ။ အဲဒီအပေါ်လက်နက်ကြီးကျလို့ တစ်ခါတည်း သေသွားတာ။ သူတို့က အရပ်သားပြည်သူတွေလည်း ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံဖြစ်လာတာပေါ့။ တနင်္သာရီမှာ စစ်ဘောင်ကကျယ်လာတော့ ဒီလိုထိခိုက်သေဆုံးမှုတွေရှိလာတာ စိုးရိမ်စရာကောင်းတယ်”

ထားဝယ်ခရိုင်အတွင်းမှာ အရပ်သားတွေအတွက် လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်ကနေ ဘေးကင်းလုံခြုံဖို့ အသိပညာပေးမှုတွေ လုပ်နေတယ်လို့လည်း သူကဆိုပါတယ်။

မေလ ၈ ရက်နဲ့ ၁၀ ရက်နေ့ ကလည်း သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာကို စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်ခဲ့လို့ အသက် ၁၆ နှစ်အရွယ် ကလေးနှစ်ဦးနဲ့ အမျိုးသားသုံးဦး စုစုပေါင်း ငါးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

RFA က ပြုစုထားတဲ့ စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ မတ်အထိ သုံးလအတွင်းမှာ သေဆုံးသူ ၃၉၇ ဦးရှိခဲ့ပြီး ဒဏ်ရာရသူက ၈၈၉ ဦးအထိ ရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org