ခရီးသွားလာခွင့် ကန့်သတ်ခံရမှု ဝ ပါတီတွေ ကြေညာချက်ထုတ်
တိုင်းရင်းသား ၁၃၅ မျိုးစာရင်းမှာပါဝင်တဲ့ "ဝ"တိုင်းရင်းသားမျိုးနွယ်တွေကို ခရီးသွားလာခွင့် ကန့်သတ်နေတာဟာ ခွဲခြားဆက်ဆံသလိုဖြစ်နေပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို အဟန့်အတားဖြစ်စေတယ်လို့ "ဝ"တိုင်းရင်းသားပါတီ နှစ်ပါတီက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
-
2018-02-23 -
-
-
တိုင်းရင်းသား ၁၃၅ မျိုးစာရင်းမှာပါဝင်တဲ့ "ဝ"တိုင်းရင်းသားမျိုးနွယ်တွေကို ခရီးသွားလာခွင့် ကန့်သတ်နေတာဟာ ခွဲခြားဆက်ဆံသလိုဖြစ်နေပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အဟန့်အတားဖြစ်စေ တယ်လို့ "ဝ"တိုင်းရင်းသားပါတီ နှစ်ပါတီက ကြေညာချက်ထုတ်ပြန်ထားပါတယ်။
"ဝ" ဆိုတဲ့ မှတ်ပုံတင်ပါသူတွေ သွားလာလို့မရကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ နာယက ဦးဖီးလစ်ဆမ်း ကပြောပါတယ်။
" "ဝ"ဆိုတဲ့ မှတ်ပုံတင်ကိုင်ဆောင်တဲ့သူတွေ ဖြတ်သန်းသွားလာလို့ မရဘူး။ တခြားလွယ်တို့ ဘာတို့ တခြားတိုင်းရင်းသားတော့ရတယ်။ ဝဆိုတဲ့ မှတ်ပုံတင် ပါတဲ့သူတွေ သွားလို့မရတော့ ဒါတော့ ခွဲခြား ဆက်ဆံရေးသဘော သက်ရောက်တော့ ကျနော်တို့ ပြည်ထောင်စု ငြိမ်းချမ်းရေးတည်ဆောက်တဲ့ ကာလမှာ ဒီလိုတော့ မဖြစ်သင့်ဘူး။"
"ဝ"တိုင်းရင်းသားတွေကို ခရီးသွားလာခွင့် ကန့်သတ်ထားမှုကို သက်ဆိုင်ရာကနေ အမြန်ဆုံး အဆင်ပြေအောင် ဆောင် ရွက်ပေးဖို့အတွက် ဝဒီမိုကရက်တစ်ပါတီနဲ့ ဝအမျိုးသားစည်းလုံးညီညွတ်ရေးပါတီတို့က ပြီးခဲ့တဲ့ ဖေဖဝါရီလ၂၁ ရက်နေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အခုလဆန်းပိုင်းကစတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပန်ဆန်းမြို့နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ နေထိုင်ကြတဲ့ "ဝ"တိုင်းရင်းသားတွေ ကျိုင်းတုံဒေသကို ဝင်ထွက်သွားလာခွင့်မရအောင် စစ်ဆေးရေးဂိတ်တွေက တားမြစ်မှု တာတွေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
ဒီလိုပိတ်ပင်ထားတာကြောင့် ကျန်းမာရေး၊ လူမှုရေးကိစ္စတွေအတွက် သွားလာရေး အဆင်မပြေမှုတွေ ကြုံတွေ့နေရကြောင်းနဲ့ ကျိုင်းတုံဘက်ကနေ ဝ ဒေသကို သယ်ယူတဲ့ ထိုင်းနိုင်ငံထုတ် အသုံးအဆောင်ပစ္စည်းတွေ တင်ဆောင်မှုပိုင်းမှာလည်း အခက်အခဲတွေဖြစ်နေတယ်လို့ "ဝ"တိုင်းရင်းသားတွေ ကပြောပါတယ်။