ကိုအောင်ကြီးကို မှားယွင်းဖမ်းဆီးခဲ့မှု ရဲတပ်ဖွဲ့ဘက်က ညှိနှိုင်းဖို့မရှိ
နေပြည်တော်က ဗစ်တိုးရီးယား ကလေးငယ် လိင်အကြမ်းဖက်ခံရမှုမှာ မှားယွင်းအဖမ်းခံခဲ့ရတဲ့ ကိုအောင်ကြီးက သူရဲ့ နစ်နာမှုအတွက် ကျပ်သိန်း ၅၀၀၀ ရလိုမှုနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပေါ် တရားစွဲထားတဲ့အမှုကို ရဲတပ်ဖွဲ့ဘက်က ညှိနှိုင်းဖို့မရှိဘဲ တရားခွင်မှာသာ ဆက်ဖြေရှင်းမယ်လို့ သိရကြောင်း ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောလိုက်ပါတယ်။
-
သက်စုအောင်
2021-01-15 -
-
-
နေပြည်တော်က ဗစ်တိုးရီးယား ကလေးငယ် လိင်အကြမ်းဖက်ခံရမှုမှာ မှားယွင်းအဖမ်းခံခဲ့ရတဲ့ ကိုအောင်ကြီးက သူရဲ့ နစ်နာမှုအတွက် ကျပ်သိန်း ၅၀၀၀ ရလိုမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် တရားစွဲထားတဲ့အမှုကို ရဲတပ်ဖွဲ့ဘက်က ညှိနှိုင်းဖို့မရှိဘဲ တရားခွင်မှာသာ ဆက်ဖြေရှင်းမယ်လို့ သိရကြောင်း ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောလိုက်ပါတယ်။
ရုံးချိန်းမှာ တရားပြိုင်အဖြစ် ဦးတည်တရားစွဲထားတဲ့ မြန်မာနိုင်ငံရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး ကိုယ်တိုင် တရားခွင်ကိုမလာရောက်ဘဲ ဒုတိယရဲမှူးကြီး တစ်ယောက်သာ လာရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲချုပ်ကိုတရားစွဲထားတဲ့ ကိုအောင်ကြီးရဲ့ အမှုနဲ့ပတ်သက်ပြီး နှစ်ဖက်မညှိနှိုင်းပဲ တရားမကြောင်းအရ ဆက်လက်ဖြေရှင်းမယ်လို့ ဇန်နဝါရီလ ၁၅ ရက်နေ့က တရားရုံးချိန်းမှာ ရဲတပ်ဖွဲ့ဘက်က ပြောလိုက်ပါတယ်။
တရားမမှုတွေရဲ့လုပ်ထုံးလုပ်နည်းအရ၊ တရားရေးဌာနရဲ့စေ့စပ်ညှိနှိုင်းရေးအရာရှိက နှစ်ဘက်ညှိနှိုင်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ဆန္ဒရှိမရှိ သဘောထားမေးတဲ့အခါမှာ ကိုအောင်ကြီးရော ၊ ရဲတပ်ဖွဲ့ဘက်ကပါ ညှိနှိုင်းဖို့ဆန္ဒမရှိဘူးလို့ သဘောထားပေးတဲ့အတွက် အမှုကို တရားမကြောင်းအရ ဆက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကိုအောင်ကြီးရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
နေပြည်တော်က ဗစ်တိုးရီးယားလို့ နာမည်ဝှက်ပေးထားတဲ့ ကလေးငယ် လိင်မဖွယ်မရာ ပြုကျင့်ခံရတဲ့အမှုမှာ ကျူးလွန်သူအနေနဲ့ မှားယွင်းအဖမ်းခံခဲ့ရတဲ့ ကိုအောင်ကြီးက နစ်နာကြေး သိန်း ၅၀၀၀ ရလိုမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးကို နေပြည်တော် ဒက္ခိဏ ခရိုင်တရားရုံးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က တရားစွဲထားတာ ဖြစ်ပါတယ်။
ငွေလိုချင်တာတစ်ခုတည်းနဲ့ ရဲတပ်ဖွဲ့ကို တရားစွဲတာမဟုတ်လို့၊ အမှုကိုမညှိနှိုင်းဘဲ အဆုံးထိ ရင်ဆိုင်သွားမယ်လို့ တရားလို ကိုအောင်ကြီးက ရုံးချိန်းအပြန်မှာ သတင်းမီဒီယာတွေကို ပြောပါတယ်။
မနေ့ကရုံးချိန်းမှာတော့ တရားစွဲခံထားရတဲ့ ရဲချုပ် ကိုယ်တိုင်မလာဘဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေဌာနက ဒုတိယရဲမှူးကြီးဝင်းမြင့်ကပဲ ကိုယ်စားလာရောက်ခဲ့တယ်လို့ ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ ဒီအမှုကို ရက်ပေါင်း ၅၄၀ အတွင်း အပြီးစစ်ဖို့ တရားရုံးက သတ်မှတ်လိုက်ပြီး၊ ဖေဖော်ဝါရီလ ၁၁ ရက် နေ့ကို နောက်ထပ်ရုံးချိန်း သတ်မှတ်လိုက်ပါတယ်။ အဲဒီရုံးချိန်းမှာတော့ ရဲတပ်ဖွဲ့ဘက်က အမှုလိုက်မယ့် ရှေ့နေက ကိုယ်စားလှယ်လွှဲစာ တင်မှာဖြစ်ပါတယ်။
ရဲချုပ်ဘက်က အကျိုးဆောင်မယ့် ရှေ့နေအတွက် ခရိုင်ဥပဒေရုံးကို အကူအညီတောင်းမယ်လို့ ဒုတိယရဲမှူးကြီး ဝင်းမြင့်က ရုံးတော်မှာတင်ပြတဲ့အကြောင်း ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သဘောထားကို သိဖို့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
၂၀၁၉ ခုနှစ် မေလက နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာဖြစ်ခဲ့တဲ့ ဗစ်တိုးရီးယားဆိုတဲ့ မိန်းကလေးငယ် လိင်မဖွယ်မရာပြုကျင့်ခံရမှုမှာ ကိုအောင်ကြီး မှားယွင်းဖမ်းဆီးခံရပြီး ခြောက်လကျော်လောက် အချုပ်ထဲနေခဲ့ရပါတယ်။ သက်သေထွက်ချက် မခိုင်လုံတဲ့အတွက် တရားသူကြီးက ကိုအောင်ကြီးကို အမှုကနေ တရားရှင် ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။