ဗစ်တိုးရီးယားအမှု တရားရုံးကလည်း သတင်းစာရှင်း

နေပြည်တော်က ဗစ်တိုးရီးယားကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး သံသယ တရားခံ ကိုအောင်ကြီးကို တရားရုံးကနေ တရားရှင်လွှတ်လိုက်တာဟာ စောလွန်းတယ်လို့ ရဲတပ်ဖွဲ့က ဝေဖန်လိုက်ပါတယ်။

နေပြည်တော် ဒက္ခဏခရိုင်တရားရုံးက ဒုတိယခရိုင်တရားသူကြီး ဒေါ်ဖြူဝင်းလတ်ကို ၂ဝ၁၉ ဒီဇင်ဘာ ၂ဝ ရက်နေ့က တွေ့ရစဉ် Photo: Thet Su Aung/RFA

နေပြည်တော်က ဗစ်တိုးရီးယားကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး သံသယ တရားခံ ကိုအောင်ကြီးကို တရားရုံးကနေ တရားရှင်လွှတ်လိုက်တာဟာ စောလွန်းတယ်လို့ ရဲတပ်ဖွဲ့က ဝေဖန်လိုက်ပါတယ်။

တရားရုံးအနေနဲ့ တရားလိုဘက်က တင်လာတဲ့ သက်သေတွေပေါ်မှာ စစ်ဆေးပြီး သက်သေထွက်ချက် မပေါ်ပေါက်လို့ လွှတ်လိုက်တာသာဖြစ်တယ်လို့ ဒက္ခဏခရိုင်တရားရုံးက  ဒုတိယခရိုင်တရားသူကြီး ဒေါ်ဖြူဝင်းလတ်က ပြောပါတယ်။

နေပြည်တော်က ဗစ်တိုးရီးယားကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး သံသယတရားခံ ကိုအောင်ကြီးကို တရားရုံးကနေ တရားရှင်လွှတ်လိုက်တာဟာ စောလွန်းတယ်လို့ ရဲတပ်ဖွဲ့က ဝေဖန်လိုက်တဲ့ အပေါ်မှာ တရားရုံးအနေနဲ့  ဘာမှပြောဖို့ မရှိကြောင်းနဲ့  တရားလိုဘက်က တင်လာတဲ့ သက်သေတွေပေါ်မှာ စစ်ဆေးပြီး သက်သေထွက်ချက် မပေါ်ပေါက်လို့  လွှတ်လိုက်တာသာဖြစ်တယ်လို့ ဒက္ခဏခရိုင် တရားရုံးက  ဒုတိယခရိုင်တရားသူကြီး ဒေါ်ဖြူဝင်းလတ်က ပြောပါတယ်။

ဒက္ခဏခရိုင်တရားရုံးမှာ ဒီနေ့ နေ့လယ်ပိုင်းကပြုလုပ်တဲ့ တရားရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

ဗစ်တိုးရီးယားကလေးငယ် အမှုနဲ့ပတ်သက်ပြီး သံသယတရားခံ ကိုအောင်ကြီးကို တရားရုံးက တရားရှင် ပြန်လွှတ်ပေးလိုက်တဲ့အပေါ် တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့က မနေ့က သတင်းစာရှင်းလင်းပွဲမှာ လူသက်သေတွေကိုသာ စစ်ဆေးအပြီး သက်မဲ့သက်သေတွေကို မစစ်ဆေးမီ ကိုအောင်ကြီးကို ပြန်လွှတ်ပေးလိုက်တာဟာ စောလွန်းကြောင်း ပြောခဲ့တာပါ။

တရားရုံးဘက်ကတော့ ဒီအမှုကို တရားလိုဘက်က လိုပြသက်သေတွေ အပါအဝင် လူသက်သေ ၁၉ ယောက်ကို စစ်ဆေးခဲ့သလို ကွန်ပျူတာနဲ့ စက်ပစ္စည်းတွေကိုလည်း စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း လူသက်သေ ထွက်ဆိုချက်တွေ မှာလည်း ကိုအောင်ကြီး ပြစ်မှုမကျူးလွန်ကြောင်း ထွက်ဆိုခဲ့တာကြောင့် တရားရှင်လွှတ်ပေးရတာဖြစ်တယ်လို့ ဒေါ်ဖြူဝင်းလတ်က ဆိုပါတယ်။



ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က ၁၃ ကြိမ်မြောက် ရုံးချိန်းမှာ တရားခွင်စစ်ဆေးပေါ်ပေါက်ချက်တွေအရ စွဲချက်တင်နိုင်တဲ့ သက်သေခံချက် အထောက်အထား တစ်စုံတစ်ရာ မတွေ့ရတာကြောင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၃ (၂) အရ တရားသူကြီးက ကိုအောင်ကြီးကို တရားရှင်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

ပုဒ်မ ၂၅၃ (၂) ပြဌာန်းချက်အရ စွဲဆိုချက်မှာ အခြေအမြစ်မရှိလို့ တရားသူကြီးက ယူဆရင် အမှုရဲ့ မည်သည့် အဆင့်မှာမဆို တရားခံကို စွဲချက်မတင်မီလွှတ်ပေးခြင်းကို မည်သည့်အချက်ကမှ တားမြစ်လို့မရကြောင်း  ဥပဒေက ပြဌာန်းထားပါတယ်။

အခုလို ခရိုင်တရားရုံးရဲ့ အမိန့်ဆုံးဖြတ်ချက်အပေါ်မှာ တရားလို၊ နစ်နာသူ မကျေနပ်တဲ့သူတွေအနေနဲ့ တဆင့်မြင့်တဲ့ တိုင်းတရားရုံးမှာ ပြင်ဆင်ချက်ဆက်ပြီး တက်ရောက်နိုင်ကြောင်း  ဒုတိယခရိုင်တရားသူကြီး ဒေါ်ဖြူဝင်းလတ်က ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လက်ရှိမှာတော့ ကိုအောင်ကြီးကို တရားရှင် လွှတ်လိုက်တဲ့အတွက် အမှုရုံးချိန်း မရှိတော့ဘဲ ပြီးပြတ်သွားပြီ ဖြစ်ကြောင်း ဒုတိယခရိုင်တရားသူကြီး ဒေါ်ဖြူဝင်းလတ်က ပြောပါတယ်။

ကိုအောင်ကြီးကို သံသယတရားခံအနေနဲ့ စွဲဆိုထားတဲ့  အမှုဟာ ပြီးပြတ်သွားပြီဖြစ်ပေမယ့်  ဒီအမိန့်ကို မကျေနပ်လို့ နှစ်လအတွင်း မန္တလေးတိုင်းတရားရုံးကို ပြင်ဆင်ချက်တက်မယ်ဆိုရင် တိုင်းတရားရုံးကလည်း ဒီအမှုကို ပြန်စစ်ပါဆိုပြီး အမိန့်ချခဲ့ရင်တော့ ဒီအမှုကို ရောက်တဲ့နေရာကနေ ပြန်စစ်ဆေးရမှာဖြစ်တယ်လို့ ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့အနေနဲ့  ဒီအမှုနဲ့ပတ်သက်ပြီး တိုင်းတရားရုံးကို  ပြင်ဆင်ချက်တက်ဖို့ရှိမရှိကို မနေ့က သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေက မေးမြန်းရာမှာတော့ တိတိကျကျ ဖြေကြားသွားခြင်းမရှိဘဲ တရားရုံးရဲ့ တရားဝင်အထောက်အထားကို မဖတ်ရသေးကြောင်း တရားရုံးပြန်ကြားချက်ရမှာသာ ဥပဒေအတိုင်း ဆက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

နေပြည်တော် သပြေကုန်းမှာ ဖွင့်ထားတဲ့ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းမှာ တက်ရောက်နေတဲ့  ဗစ်တိုးရီးယား ကလေးငယ်ဟာ ၂၀၁၉ ခုနှစ် မေလက လိင်အကြမ်းဖက်ခံရမှုဖြစ်ပွားခဲ့ပြီး ကလေးရဲ့ မိခင်က မေလထဲမှာပဲ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဒီအမှုကို ဇွန်လ သုံးရက်နေ့မှာ စီအိုင်ဒီက လွဲပြောင်းယူပြီး ရာဇသတ်ကြီး ပုဒ်မ ၃၇၆နဲ့ အမှုဖွင့်စစ်ဆေးခဲ့တာဖြစ်ပြီး တရားရုံးချိန်း ၁၃ ချိန်းအပြီးမှာ သံသယရှိသူအနေနဲ့ စွပ်စွဲခံရတဲ့ ကိုအောင်ကြီးက တရားရှင်လွှတ်မြောက်ခဲ့ တာဖြစ်ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org