နောက်ဆုံးကျန်ရှိသူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ် ကွယ်လွန်
မြန်မာ့တပ်မတော်ကို ထူထောင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင်တွေထဲက တစ်ဦးတည်းသောကျန်ရှိသူ ဗိုလ်ရဲထွဋ်ဟာ ရန်ကုန် မြို့ နိုဝင်ဘာ ၂၇ ရက်၊ မနေ့ည ၉ နာရီမိနစ် ၂၀ အချိန်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
-
2013-11-28 -
-
-
မြန်မာ့တပ်မတော်ကို ထူထောင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင်တွေထဲက တစ်ဦးတည်းသောကျန်ရှိသူ ဗိုလ်ရဲထွဋ်ဟာ ရန်ကုန်မြို့ နိုဝင်ဘာ ၂၇ ရက်၊ မနေ့ည ၉ နာရီမိနစ် ၂၀ အချိန်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ဗိုလ်ရဲထွဋ်ကို ၁၉၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်မှာ ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ အမည်ရင်း ဦးအောင်သိန်းဖြစ်ပြီး အထက်တန်းကျောင်းဆရာအဖြစ် လုပ်ကိုင်ရင်း သခင်ကိုယ်တော်မှိုင်းဦးစီးတဲ့ ဒို့ဗမာအစည်းအရုံးဝင်တစ်ဦးအဖြစ်နဲ့ အင်္ဂလိပ်နယ်ချဲ့ကို ဆန့်ကျင်ရာမှာ ပါဝင်ခဲ့ပါတယ်။
ရန်ကုန်မြို့ ကန်တော်ကလေး မြူနီစပယ်ကျောင်းက ဆယ်တန်းအောင်ခဲ့ပါတယ်။ ၁၉၃၈-၄၀ မှာ မြူနီစီပယ်ကျောင်း သပိတ်ခေါင်းဆောင်၊ မြူနီစီပယ်ကျောင်းသားများသမဂ္ဂဥ က္ကဋ္ဌဖြစ်ခဲ့ပြီး ၁၉၄၁ ဧပြီ ၁၃ ရက်မှာ ဂျပန်နိုင်ငံကို စစ်ပညာသင်ဖို့ သွားရောက်ခဲ့ပါ တယ်။ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) မှာ တပ်မဟာ (၃) တပ်မှူး၊ ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) မှာ တပ်ရင်း(၁) တပ်မှူး၊ ၁၉၄၄-၄၅ ခုနှစ်မှာ တပ်ရင်း(၅) တပ်ရင်းမှူး၊ စစ်ဦးစီးဌာနချုပ် အထွေထွေဌာနကြီးမှူး၊ ဖက်ဆစ်ဂျပန် တော်လှန်ရေးမှာ တိုင်း(၆) တိုင်းမှူး၊ ၁၉၄၆-၄၇ ခုနှစ်မှာ ဗမာ့တပ်မတော်တပ်ရင်း (၅) တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါတယ်။
၁၉၄၈ သြဂုတ်လမှာ ဗမာ့သေနတ်ကိုင်တပ်ရင်း သနက (၃) ကို ဦးဆောင်ပြီး တော်လှန်သော တပ်မတော်အဖြစ် တောခိုခဲ့ပါတယ်။
နောက်ပိုင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီ ပြည်သူ့တပ်မတော်စစ်ဦးစီးမှူးအဖြစ် တာဝန်ယူပြီးနောက် ၁၉၆၃ ခုနှစ်မှာ ဗိုလ်စိန်တင်၊ ဗိုလ်ရဲမောင်တို့နဲ့အတူ ပဲခူးရိုးမအနောက်ခြမ်း ဇီးကုန်းမြို့မှ အလင်းဝင် ခဲ့ပါတယ်။ ဗိုလ်ရဲထွဋ်နဲ့ပတ်သက်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက အခုလို မှတ်ချက်ပြုပြောဆိုပါတယ်။
“တောခိုသွားတာ သိတယ်ခင်ဗျ၊ နောက်ပြန်လာတယ်ခင်ဗျ၊ နောက် ၈၈ အရေးအခင်းဖြစ်တဲ့အခါကျတော့ မျိုးချစ်ရဲဘော်ဟောင်းများထောင်တဲ့အခါ အဲဒီမှာပါလာတယ်၊ သို့သော် သူကသူ့နာမည်နဲ့ မထည့်ဘဲနဲ့ မျိုးချစ်ရဲဘော်ဟောင်းများမှာ အကြံပေးသဘောနဲ့ လုပ်တယ်ခင်ဗျ၊ နောက်ထင်ရှားတာက ဗိုလ်ချုပ်အောင်ဆန်းဇနီး ဒေါ်ခင်ကြည် ဈာပနမှာ အဲဒီဈာပနကော်မတီမှာ သူတို့ရဲဘော်သုံးကျိပ်ကနေပြီးတော့ သူတို့ကဦးစီးခေါင်းဆောင်ပြီး ဈာပနကော်မတီမှာ ဥက္ကဌအနေနဲ့ ခေါင်းဆောင်ပြီး ကျနော်က တွဲဘက်တာဝန်ထမ်းဆောင်တဲ့ သဘောမျိုးဖြစ်တယ်၊ အဲဒီတုန်းက သူကဈာပနကိစ္စနဲ့ ပတ်သက်ရင် အဓိကပါဝင်တဲ့ဟာတော့ ကျနော်သိတယ်ခင်ဗျ”
ဗိုလ်ရဲထွဋ်ဟာ သူရဲကောင်းတံဆိပ် (ဒုတိယအဆင့်)၊ အရေးတော်ပုံတံဆိပ်၊ လွတ်မြောက်ရေးတံဆိပ်၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမအဆင့်)၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့(ပထမအဆင့်)တို့ကို ရရှိခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် (၉၂) နှစ်ရှိနေပြီဖြစ်ပြီး ဦးကျော်ကျော်နဲ့ ဦးအောင်အောင် သားနှစ်ယောက် ကျန်ရှိခဲ့ပါတယ်။ ဗိုလ်ရဲထွဋ်ရဲ့ ဈာပနအခမ်းအနားကို နိုဝင်ဘာ ၂၉ ရက်မှာ ရေဝေးသုဿာန်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။