ဒေါက်တာခလမ်ဆမ်ဆွန်ကို ချက်ချင်းလွှတ်ပေးဖို့ အမေရိကန်တောင်းဆို

အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဘာသာဝင်တွေအပေါ် ဖိနှိပ်အကြမ်းဖက်တာတွေ ရပ်ဖို့လည်း အမေရိကန်က ထပ်မံတောင်းဆိုလိုက်ပါတယ်။

၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က ဂျော်ဘွမ်ဆုတောင်းတောင်တွင် ဒေါက်တာခလမ်ဆမ်ဆွန် လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းနေသူတချို့။ Kachin-KBC

အဖမ်းခံထားရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်ခေါင်းဆောင် သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ချက်ချင်းလွှတ်ပေးဖို့ အမေရိကန်အစိုးရက တောင်းဆိုလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန်အပေါ် စွပ်စွဲထားတဲ့ ပုဒ်မတွေကို အမြန်ဆုံးပယ်ဖျက်ပြီး ပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရှိသူ Ned Price က ဖေဖော်ဝါရီလ ၂၃ ရက် ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အမေရိကန် မိတ်ဖက်နိုင်ငံတွေအနေနဲ့လည်း အခုလိုတောင်းဆိုပေးကြဖို့ သူက တိုက်တွန်းပါတယ်။

အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဘာသာဝင်တွေအပေါ် ဖိနှိပ်အကြမ်းဖက်တာတွေ ရပ်ဖို့လည်း အမေရိကန်က ထပ်မံတောင်းဆိုလိုက်ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးတွေအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်နေတဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က မန္တလေးလေဆိပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံကို ဆေးကုသွားဖို့ပြင်နေချိန်မှာ ဒေါက်တာခလမ်ဆမ်ဆွန် အဖမ်းခံရတာပါ။

အဲဒီနောက်သူ့ကို မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁)၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) တို့နဲ့ စစ်ကောင်စီက တရားစွဲပြီး မြစ်ကြီးနားထောင်မှာ ဖမ်းဆီးထားပါတယ်။

သူ့ကိုဖမ်းဆီးတရားစွဲဆိုထားတာ သုံးလနီးပါးကြာပြီဖြစ်ပေမဲ့ မိသားစုနဲ့ တစ်ကြိမ်တစ်ခါမှ တွေ့ဆုံခွင့်မပေးသေးဘူးလို့ မိသားစုက RFA ကို ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org