အမေရိကန်မှာ နေထိုင်ခွင့် ဒီဗွီကံစမ်းမဲ မြန်မာနိုင်ငံသားတွေ လျှောက်ထားနိုင်

အမေရိကန်ပြည်ထောင်စုကို လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ဝင်ရောက်သူနည်းတဲ့နိုင်ငံက လူတွေကို လျှောက်ထားခွင့်ပေးတဲ့အတွက် မြန်မာနိုင်ငံက အကျုံးဝင်ပါတယ်။

အမေရိကန်ပြည်ထောင်စု‌ အိမ်ဖြူတော်အနီးရှိ အဆောက်အအုံတစ်ခုတွင် အမေရိကန်အလံကို လွှင့်ထူထားသည့် မြင်ကွင်းအား ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်။ Photo: AFP

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူတဲ့ ၂ဝ၂၆ အတွက် Diversity Visa Program (DV) လို့ ခေါ်တဲ့ DV-2026 ရွှေ့ပြောင်းနေထိုင်ခွင့် ဗီဇာအစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလ ၂ ရက် ဗုဒ္ဓဟူးနေ့ အမေရိကန်အရှေ့ပိုင်း စံတော်ချိန် မွန်းတည့် ၁၂ နာရီကစပြီး နိုဝင်ဘာ ၅ ရက် အင်္ဂါနေ့ မွန်းတည့် ၁၂ နာရီအတွင်း အွန်လိုင်းက စတင်လျှောက်ထားနိုင်ပါတယ်။

တစ်ကြိမ်ထက် ပိုလျှောက်ထားသူကို စာရင်းက ပယ်ချမှာ ဖြစ်ပါတယ်။ အမြဲနေထိုင်ခွင့်ကတ်မဲဖောက်တဲ့ အစီအစဉ် (Green Card Lottery)လို့လည်း ခေါ်ကြတဲ့ ဒီ DV Program ဟာ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့နေထိုင်ခွင့်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ လျှောက်ထားသူတွေထဲက နှစ်စဉ် လူငါးသောင်းခွဲကို ကျပန်းရွေးချယ်တဲ့ အစီအစဉ်လည်းဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ဝင်ရောက်သူနည်းတဲ့နိုင်ငံက လူတွေကို လျှောက်ထားခွင့်ပေးတဲ့ အတွက် မြန်မာနိုင်ငံက အကျုံးဝင်ပါတယ်။

မြန်မာ့အိမ်နီးချင်း တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယအပြင် အာရှက ပါကစ္စတန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက လူ ငါးသောင်းကျော် အမေရိကန်ကို လွန်ခဲ့တဲ့ ငါးနှစ်က ပြောင်းရွှေ့လာတဲ့အတွက် ဒီနိုင်ငံတွေက လျှောက်ထားနိုင်ခွင့်မရှိပါဘူး။

အချက်အလက်အသေးစိတ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန Diversity Visa Program အင်တာနက် ဝဘ်ဆိုက် စာမျက်နှာမှာ ကြည့်ရှုနိုင်ပါတယ်။ အတုအယောင် အလိမ်အညာတွေရှိကြောင်းလည်း သတိပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org