အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့ဖို့ရှိ

မြန်မာနိုင်ငံကို လာရောက်မဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဟာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖွဲ့နဲ့ လာမယ့် ဒီဇင်ဘာ ၁ ရက် နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးဖို့ ရှိကြောင်း သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ပြုလုပ်သည့် အာစီယံ ဒေသဆိုင်ရာ လုံခြုံရေးညီလာခံတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့က မိန့်ခွန်းပြောနေစဉ်။ US Department of State

အဲဒီတွေ့ဆုံပွဲကို တက်ရောက်ဖို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၃၀ ရွေးချယ်ထားပြီး လွှတ်တော် ရေးရာ ကော်မတီတွေမှာ ပါဝင်ကြတဲ့ နိုင်ငံရေးပါတီ အသီးသီးက ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါဝင်မယ်လို့ အစိုးရအဖွဲ့ ကတိကဝတ် စိစစ်ရေး ကော်မတီဝင် ဒေါက်တာ အေးမောင်က အာရ်အက်ဖ်အေကို ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်ပေါ် ပြောင်းလဲမှုတွေကို လေ့လာဖို့ မြန်မာနိုင်ငံကို လာရောက်မဲ့ မစ္စ ဟီလာရီ ကလင်တန်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အားလုံး ကောင်းဖို့အတွက် နှစ်ဘက်လုံးက လျှော့ပေးရမှာ ဖြစ်ကြောင်း၊ အစိုးရဘက်ကလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို လွှတ်ပေးပြီး တစ်ဘက်ကလည်း ပိတ်ဆို့ တားမြစ်ထားတာတွေကို ရုပ်သိမ်းပေးသင့်ကြောင်း ဒေါက်တာအေးမောင်က ပြောပါတယ်။

ဟီလာရီ ကလင်တန်ရဲ့ မြန်မာပြည် ခရီးစဉ်ဟာ အနှစ် ၅၀ အတွင်း အမေရိကန် အစိုးရ အဆင့်မြင့် ကိုယ်စားလှယ် တဦးရဲ့ ပထမဦးဆုံး အကြိမ် ခရီးစဉ်ပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org