ဂီရိမုန်တိုင်းဘေး ကုလသမဂ္ဂ အစီရင်ခံစာထုတ်ပြန်
ဂီရိမုန်တိုင်းနဲ့ ပတ်သက်လို့ ရန်ကုန် ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး ဌာန UN-OCHA က ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ရန်ကုန်မှာ ဒီကနေ့ ညနေ အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး OCHA အစီရင်ခံစာ အမှတ် (၂) ကို ထုတ်ပြန်လိုက်ပါတယ်။
-
2010-10-24 -
-
-
ဒီအစီရင်ခံစာမှာ ရခိုင်ပြည်နယ် မြို့နယ် ၇ မြို့နယ်က အပျက်အစီးတွေကို စိစစ်နေဆဲဖြစ်ပြီး ကျောက်ဖြူမှာ အိမ်ခြေ ၁၁၀၀ (လူဦးရေ ၄၅၀၀) အနည်းဆုံး ထိခိုက်ကြောင်း၊ မာန်အောင်မြို့နယ်မှာ လူဦးရေ အနည်းဆုံး ၇၀၀ ပျက်စီးကြောင်း ဖော်ပြထားပါတယ်။
မုန်တိုင်းလမ်းကြောင်းမှာ ကျခဲ့တဲ့ စစ်တွေ၊ ရမ်းဗြဲ၊ ပေါက်တော၊ အမ်းနဲ့ မြေပုံမြို့နယ်တွေက ပျက်စီး ဆုံးရှုံးမှု စာရင်းကို ကောက်ခံနေဆဲဖြစ်ပြီး ကယ်ဆယ်ရေး လိုအပ်ချက်တွေကို နောက်ထွက်မယ့် အစီရင်ခံစာမှာ ဖော်ပြမယ်လို့ ဆိုပါတယ်။
မနေ့ကလည်း OCHA က ဂီရိမုန်တိုင်းဘေး အခြေအနေပြ အစီရင်ခံစာ အမှတ် (၁) ကို ထုတ်ပြန်ခဲ့ရာမှာ ကျောက်ဖြူမြို့က အပျက်အစီးတချို့ကို အသေးစိတ် ဖော်ပြထားပါတယ်။ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့မှာ ဆက်သွယ်ရေး လုံး၀ ပြတ်သွားသလို လျှပ်စစ်မီးလည်း ပြတ်တောက်သွားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မုန်တိုင်းသင့် ဒေသတွေမှာ အကူအညီပေးဖို့ UNCEF နဲ့ UNHCR က မိသားစု အသုံးဆောင်ပစ္စည်း၊ တာပေါ်လင် ဖျင်ထည် စတဲ့ ပစ္စည်းတွေ စုဆောင်းထားရှိပြီး ကွင်းဆင်းကယ်ဆယ်ရေးတွေ လုပ်နေတဲ့ ပြည်တွင်း ကြက်ခြေနီအဖွဲ့ MRCS ၊ နယ်စည်းမခြား ဆရာဝန်များ MSF-Holland အဖွဲ့၊ Save the Children စတဲ့ အဖွဲ့တွေနဲ့ ပူးတွဲ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အလားတူပဲ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီ အဖွဲ့ချုပ် IFRC ရဲ့ ဒီကနေ့ထုတ် အစီရင်ခံစာမှာ ကျောက်ဖြူမြို့နယ်အတွင်း အပျက်အစီး အထိအခိုက် စာရင်းကို စိစစ်ဖို့ ဒေသခံ ကယ်ဆယ်ရေးလုပ်သား ၅၀ ကျော် စေလွှတ်ထားတယ်လို့ ဖော်ပြထားပါတယ်။