ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်ပို့ရေး UNHCR ပါဝင်ဖို့ သဘောတူ

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်ပို့ရေးလုပ်ငန်းစဉ်မှာ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ပါဝင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတစ်ခုရှိ ကလေးငယ်များကို တွေ့ရစဉ် Photo: AFP

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်ပို့ရေးလုပ်ငန်းစဉ်မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ပါဝင်ဖို့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီ သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ် အစိုးရက ကောက်ယူထားတဲ့ ဒုက္ခသည်တွေရဲ့ ကိုယ်ရေး အချက်အလက် မှတ်တမ်း နဲ့ UNHCR က ကောက်ယူထားတဲ့ ဒုက္ခသည် မိသားစုတွေရဲ့ အချက်အလက်တွေကို ပေါင်းစပ်မှာဖြစ်ပါတယ်။ လက်ရှိမှာ အချက်အလက် ဖလှယ်ရေး ဟာ အလွန်အရေးကြီးလာတဲ့အတွက် UNHCR နဲ့ သဘောတူ လက်မှတ်ရေးထိုးကြမှာဖြစ်ကြောင်း၊ ဖေဖေါ်ဝါရီလ ပထမပတ်အတွင်း လက်မှတ်ရေးထိုးနိုင်မယ်လို့ မျှော်လင့်ရကြောင်း  ဘင်္ဂလားဒေ့ရှ် အစိုးရအရာရှိတစ်ဦးက ပြောပါတယ်။

UNHCR ရဲ့ စာရင်းအရ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က စလို့ ဘင်္ဂလားဒေ့ရှ် ကို ဝင်လာသူ ဒုက္ခသည် ဦးရေ ခြောက်သိန်း လေးသောင်းကျော်ရှိခဲ့ပြီး၊ ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ ဒုက္ခသည် လူဦးရေ စုစုပေါင်း  ခုနစ်သိန်း ခြောက်သောင်းကျော် ရှိလာခဲ့ပါတယ်။

ဒုက္ခသည်တွေကို မြန်မာပြည် ပြန်မလားမေးရင် အများစုက မပြန်ချင်ဘူးလို့ ဖြေကြကြောင်း၊ ဒါပေမဲ့ ရခိုင်ပြည်နယ်တွင်းမှာ အခြေအနေတွေ ပိုမို တိုးတက်ကောင်းမွန်လာတာနဲ့အမျှ နေရပ်ပြန်လိုသူတွေ ပိုများလာမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အရာရှိတစ်ဦးက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org