UNFC အရေးပေါ် ထိပ်သီးအစည်းအဝေး ကျင်းပမည်
အစိုးရသစ်နဲ့ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးရေး အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အရေးကိစ္စတွေကို ညှိနှိုင်းဆွေးနွေးနိုင်ဖို့ အတွက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ ထိပ်သီးခေါင်းဆောင်တွေအနေနဲ့ အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူ ကျင်းပမယ်လို့ သိရပါတယ်။
-
2016-02-11 -
-
-
Your browser doesn’t support HTML5 audio
အစိုးရသစ်နဲ့ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးရေးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အရေးကိစ္စတွေကို ညှိနှိုင်းဆွေးနွေးနိုင်ဖို့အတွက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ထိပ်သီးခေါင်းဆောင်တွေအနေနဲ့ အရေးပေါ်အစည်းအဝေး တစ်ရပ် ခေါ်ယူကျင်းပမယ်လို့ သိရပါတယ်။
UNFC အဖွဲ့ အရေးပေါ်ကောင်စီ အစည်းအဝေး ခေါ်ယူဖို့ စီစဉ်ရတာနဲ့ ပတ်သက်ပြီး UNFC ဒုဥက္ကဌ ဦးနိုင်ဟံသာက RFA ကို အခုလို ပြောပါတယ်။
"အခြေအနေပေါင်းစုံကို စဉ်းစားဖို့နဲ့ အခုအစိုးသစ်တက်မယ့် ဒီတွေ့ဆုံဆွေးနွေးရေးကိစ္စကိုလည်း စဉ်းစားမယ်၊ နောက်တစ်ချက် ဆက်စပ်တဲ့ကိစ္စတွေလည်းစဉ်းစားမှာမို့ ဥပမာ ပလောင်တို့ RCSS တို့ တိုက်ပွဲဖြစ်နေတဲ့ကိစ္စတွေ အပါအဝင်ပေါ့နော် အခြေအနေပေါင်းစုံ၊ ဒါကတော့ လောလောဆယ် အဓိကအားဖြင့်ကတော့ ဟို ၈ ဖွဲ့တို့ ပါဝင်ပြီးတော့မှ ဆွေးနွေးနေတဲ့ ဆွေးနွေးပွဲရဲ့အခြေအနေအပေါ်မှာ လည်း နည်းနည်းသုံးသပ်မှာပါ"
ဒီအရေးပေါ်အစည်းအဝေးမှာ တိုင်းရင်းသားဒေသတွေမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွက် ဖြေရှင်းမယ့် နည်းလမ်းတွေကိုလည်း ရှာဖွေသွားကြမယ်လို့ သိရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၉ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်တွေဟာ အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ်ကို လက်မှတ်မရေးထိုးရသေးပါဘူး။
UNFC ၉ ဖွဲ့ထဲမှာ ကချင်လွတ်မြောက်ရေးအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ မွန်ပြည်သစ်ပါတီ၊ ရခိုင်ပြည်အမျိုးသားကောင်စီ၊ လားဟူဒီမိုကရက်တစ်ပါတီ၊ ဝ အမျိုးသားအဖွဲ့ချုပ်၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်ဖွဲ့တို့ ပါဝင်ပြီး၊ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
UNFC ဒုဥက္ကဌ ဦးနိုင်ဟံသာကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။