သယံဇာတနဲ့ အခွန်အခခွဲဝေရေး တိုင်းရင်းသား အမတ်များ ဆွေးနွေး
တိုင်းရင်းသားပြည်နယ်တွေမှာ သယံ ဇာတနဲ့ အခွန်အခခွဲဝေရေးဆိုင်ရာ အလုပ် ရုံ ဆွေးနွေးပွဲကို UNA ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ဝင် လွှတ်တော် ကိုယ်စားလှယ်တွေ ဟာ နေပြည်တော်မှာ နှစ်ရက်ကြာ ကျင်းပ ဆွေးနွေးခဲ့ ကြပါတယ်။
-
2016-01-24 -
-
-
တိုင်းရင်းသားပြည်နယ်တွေမှာ သယံဇာတနဲ့ အခွန်အခခွဲဝေရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို UNA ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်တွေ ဟာ နေပြည်တော်မှာ နှစ်ရက်ကြာ ကျင်းပ ဆွေးနွေးခဲ့ ကြပါတယ်။
နေပြည်တော် Royal Lotus ဟိုတယ်မှာ ပြုလုပ်တာဖြစ်ပြီး တိုင်းရင်းသားဒေသတွေမှာ ရှိသင့်တဲ့ ရပိုင်ခွင့် အခွင့်အရေး တွေကို လာမယ့် လွှတ်တော်အစည်း အဝေးတွေမှာ ဆွေးနွေးပြီး ဥပဒေပြုနိုင်ဖို့အတွက် ကျင်းပတာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SLND က ဦးစိုင်းကျော်ညွန့် က ပြောပါတယ်။
"လာရောက်ဆွေးနွေး သင်ကြားပေးမယ့်လူတွေက ရလာမယ့် ဗဟုသုတကနေတဆင့် ကျနော်တို့ နိုင်ငံရဲ့ အခင်းအကျင်းပေါ်မှာ ဘယ်လိုဥပဒေသစ်တွေပြုနိုင် မလဲပေါ့နော်၊ ဒါကြောင့် ကျနော်တို့ UNA အသင်း မှာ ပြန်လည်ဆွေးနွေးပြီးတော့ တချိန်ချိန်ကျရင် ဥပဒေကြမ်းတွေ တင်သွင်းနိုင်တဲ့အဆင့်ရောက်ရင် ကျနော် တို့က လုပ်ယူရမှာပါ"
ဒီဆွေးနွေးပွဲကို UNA အဖွဲ့ဝင်တွေထဲက ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ရခိုင်အမျိုး သားပါတီ ANP၊ ရှမ်းတိုင်ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ မွန်အမျိုးသား ပါတီတို့က လွှတ်တော် အမတ် ၈၀ ကျော်တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ သဘာဝ ပတ်ဝန်းကျင်ရေးရာနဲ့ အခွန်ပညာရှင်တွေတို့လည်း ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ သဘာ၀ သယံဇာတနဲ့ အခွန်အခ ခွဲဝေရေးဆိုင်ရာ ခေါင်းစဉ်အမည်နဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို ပညာရှင်တွေ ဖြစ်ကြတဲ့ ဦးဝင်းမျိုးသူ၊ ဦးကိုကိုလွင်နဲ့ အခြားပညာရှင်တွေက ဦးဆောင်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။