မြန်မာ့အရေး လုံခြုံရေးကောင်စီ တညီတညွတ်တည်း ဆုံးဖြတ်ဖို့လို

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာ့အရေးကို အထူးအလေးထား အာရုံစိုက်လျှက်ရှိတယ်လို့လည်း ပြောခွင့်ရှိသူကပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ တွေ့ရသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရှိသူ Stéphane Dujarric Photo: UN
မြန်မာပြည်သူတွေရဲ့ အသက်ကိုကယ်တင်နိုင်ဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေ တညီတညွတ်တည်း ဖြစ်ကြဖို့နဲ့ စုပေါင်းပြီး အရေးယူဆောင်ရွက်ဖို့ လိုတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရှိသူ Stéphane Dujarric က ပြောလိုက်ပါတယ်။
 
ဖေဖော်ဝါရီလ ၅ ရက်နေ့က လုံခြုံရေးကောင်စီအတွင်း မြန်မာ့အရေးတံခါးပိတ်ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ယောက်ရဲ့ မေးမြန်းချက်ကို သူက ဖြေခဲ့တာပါ။
 
လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံနဲ့ အလှည့်ကျအဖွဲ့ဝင် ၁ဝ နိုင်ငံရှိပါတယ်။ အဲဒီထဲမှာ ဗြိတိန်၊ အမေရိကန်နဲ့ ပြင်သစ် အပါအဝင် ကိုးနိုင်ငံက မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပေမဲ့ တရုတ်၊ ရုရှားအပါအဝင် ကျန်တဲ့ခြောက်နိုင်ငံကတော့ ထုတ်ပြန်ချက်ထုတ်တဲ့ထဲ မပါပါဘူး။
 
မနေ့က တံခါးပိတ်ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အာလွန်ကယ်ကစ်တစ်ခွန်က အဓိကဆွေးနွေးတင်ပြခဲ့တာပါ။ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီက ဘာမှထုတ်ပြန်တာ မရှိသေးပါဘူး။
 
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာ့အရေးကို အထူးအလေးထား အာရုံစိုက်လျှက်ရှိတယ်လို့လည်း ပြောခွင့်ရှိသူကပြောပါတယ်။
 
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ လုံခြုံရေးကောင်စီကနေ စစ်တပ်ကို အခုထိ ဘာမှအရေးမယူနိုင်သေးဘူးလို့ မနေ့ကပြောပါတယ်။
 
လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာရင် ဘယ်လိုအရေးယူမယ်ဆိုတဲ့ အချက်တွေပါတဲ့ ဆုံးဖြတ်ချက်တစ်ရပ် အမြန်ဆုံးချမှတ်ဖို့လည်း သူကတောင်းဆိုထားပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org