စစ်မှန်တဲ့ အပြောင်းအလဲ မတွေ့ရသေးလို့ ကင်တားနားပြော

သမ္မတဦးသိန်းစိန်ရဲ့ အစိုးရက ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်လာဖို့ ကတိပေးလိုက်တာကို ကြိုဆိုပေမယ့် မြန်မာနိုင်ငံမှာ အခုချိန်ထိ စစ်မှန်တဲ့ အပြောင်းအလဲတွေ မတွေ့ရသေးဘူးလို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ကင်တားနားက ပြောကြားလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် မတ်လ ၂၁ ရက်က ၁၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး ကျင်းပနေပုံ ဖြစ်သည်။ (UN Photo/Jean-Marc Ferré) UN Photo/Jean-Marc Ferré

" မြန်မာနိုင်ငံမှာ အမှန်တကယ် ပြုပြင်ပြောင်းလဲတဲ့ အခြေခံ အဆင့်မျိူးဆိုတာ ကျနော်တို့ မတွေ့ရသေးပါဘူး။

ရှေ့လာမယ့် အောက်တိုဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ကျနော်တင်သွင်းမှာပါ။ အဲဒီအချိန်ဟာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အတွက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ ကောင်းမွန်လာဖို့ ထိရောက်တဲ့ အရေးယူမှု လုပ်ပေးရမယ့် အခွင့်အရေး တရပ်ပါပဲ" လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စမှာလည်း အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ထပ်ပြီးပေးဖို့ သမ္မတက စဉ်းစားနေတယ် ဆိုပေမယ့် လက်တွေ့မှာ အကောင်အထည်ဖေါ် ဆောင်ရွက်တာ မတွေ့ရသေးဘူးလို့ သူက ပြောပါတယ်။

ရှေ့လမှာ တင်သွင်းမယ့် မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာဟာ ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်တွေမှာ အသုံးဝင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒ့ါအပြင် ပြုပြင်ပြောင်းလဲရေး လက်တွေ့လုပ်ဖို့ မြန်မာ အာဏာပိုင်တွေ အတွက်လည်း အစီရင်ခံစာဟာ အထောက်အကူ ပြုနိုင်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ ကင်တားနားက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက သူ့ကို ၂၀၀၈ ခုနှစ်မှာ တာဝန် ပေးအပ်ခဲ့ပြီး နောက်ပိုင်းမှာ မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို လေးကြိမ် သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org