မြန်မာ့အရေး လူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေး
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ဇန်နဝါရီ ၁၈ ကနေ ၂၉ ရက်နေ့အထိ ကျင်းပနေတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ၃၇ ကြိမ်မြောက် လူ့အခွင့်အရေး အခြေအနေ သုံးသပ်ကြားနာပွဲမှာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို မနေ့က ဆွေးနွေးခဲ့ကြပါတယ်။
-
ခင်မောင်စိုး
2021-01-25 -
-
-
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ဇန်နဝါရီ ၁၈ ကနေ ၂၉ ရက်နေ့အထိ ကျင်းပနေတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ၃၇ ကြိမ်မြောက် လူ့အခွင့်အရေး အခြေအနေ သုံးသပ်ကြားနာပွဲမှာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို မနေ့က ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေးအခြေအနေတွေ ပိုမိုတိုးတက်အောင် ဆောင်ရွက်ဖို့ နိုင်ငံတကာက တောင်းဆိုခဲ့ကြတဲ့ ဒီအစည်းအဝေးမှာ အစိုးရကိုယ်စားလှယ်ဖြစ်တဲ့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက မြန်မာပြည်မှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုတွေကို ဆောင်ရွက်လာနိုင်တာနဲ့အမျှ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့် တွေလည်း တိုးတက်လာမှာဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အစိုးရက စုံစမ်းစစ်ဆေးနေတယ်၊ နိုင်ငံတကာ ကတိကဝတ်တွေကို တာဝန်သိသိ အကောင်အထည်ဖော်ဖို့ အချိန် လိုပါတယ်။ အမုန်းစကား ဖြန့်ချိမှု နဲ့ ဘာသာရေးကို နိုင်ငံရေးအရ အသုံးချမှုတွေကိုလည်း အထူးအလေးထား တားဆီးပိတ်ပင်နေပါတယ် စသဖြင့် ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် သူက "မြန်မာပြည်သူတွေဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ဒီမိုကရေစီ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ပိုမိုရရှိခံစားခဲ့ကြပါတယ်။ ဒါတွေဟာ ဘယ်တုန်းကမှ မြန်မာပြည်မှာ မရရှိခဲ့တဲ့ အခွင့်အရေးတွေပါ။ ဒါ့အပြင် လူထုရဲ့ ခိုင်ခိုင်မာမာ ပါဝင်ထောက်ခံမှုနဲ့ အထွေထွေရွေးကောက်ပွဲကိုလည်း လွတ်လပ်မျှတစွာနဲ့ ပွင့်လင်းမြင်သာစွာ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။
ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်ကတော့ မြန်မာအစိုးရ သူတို့ကို ခုအချိန်အထိ ရိုဟင်ဂျာလို့ အသိအမှတ်မပြုပဲ ခိုးဝင်ဘင်္ဂါလီတွေလို့ သုံးနှုန်းနေတာကို လက်မခံနိုင်ဘူးလို့ ပြောပါတယ်။
“ဒါက ကျနော်တို့ ရိုဟင်ဂျာဖြစ်တည်မှု Rohingya Identity နဲ့ အသိအမှတ်ပြုဖို လိုတယ်။ ပြီးတော့ ကျနော်တို့ဆီကနေ သိမ်းယူထားတဲ့ နိုင်ငံသားအခွင့်အရေးတွေကို ပြန်ပြီးပေးဖို့ လိုအပ်တယ်။ နိုဝင်ဘာရွေးကောက်ပွဲမှာ ပါဝင်ခွင့်လည်း မပေးဘူး မဲပေးပိုင်ခွင့်လဲ မရှိခဲ့ဘူး။ ရာဇဝတ်မှု ကျူးလွန်မှုတွေက ဒီနေ့ထက်ထိ ဖြစ်နေတုန်းပဲ။ အဲဒါကြောင့် ICJ အမှုကိုလဲ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံ တွေကနေ Support လုပ်ဖို့ ထောက်ပံ့ပေးဖို့ လိုအပ်တယ်။ သိမ်းယူထားတဲ့ ကျနော်တို့ဆီက နိုင်ငံသားအခွင့်အရေးတွေကို ပြန်လည်ပေးဖို့လိုအပ်တယ်။ အဲဒါပြီးမှပဲ ရိုဟင်ဂျာတွေ မြန်မာပြည်ကို ပြန်လာလို့ရမယ်ဆိုတာ ပြောထားပါတယ်။ ဂျာမဏီ၊ နယ်သာလန်၊ အမေရိကန်၊ ယူကေ နိုင်ငံအများစုတွေကလဲ ရိုဟင်ဂျာတွေ တင်ပြထားတာကို လက်ခံပြီး ဒီမှာလဲ တောင်းဆိုထားတာတွေ့တဲ့အတွက် ဖိအား များများပေးဖို့ လိုအပ်တယ်။”
ကိုဖိအာနန်အကြံပေးအဖွဲ့ဝင်ဖြစ်တဲ့ ဟာဂျီ ဦးအေးလွင်ကတော့ မြန်မာအစိုးရအနေနဲ့ လက်တွေ့ကျကျ ဆောင်ရွက်ပြသဖို့ တိုက်တွန်းပါတယ်။
“ကျနော်တို့ နိုင်ငံတော်အစိုးရ တာဝန်ရှိသူများအနေနဲ့ ကိုယ့်ကို အပြစ်ရှာနေတယ် ကိုယ့်ကိုပဲ အမြဲတမ်း မလိုမုန်းထားရှိတယ်ဆိုတဲ့ ထိုးနှက်ချက်များအဖြစ် မမြင်ဘဲနဲ့ တိုင်းပြည်ကို ကောင်းစေချင်လို့ ပူးပေါင်းဆောင်ရွက်ချင်တဲ့ စေတနာများပါတယ်လို့ လက်ခံပြီး ဗမာပြည်မှာ လူ့အခွင့်အရေး အပြည့်အဝ မရသည့်တိုင်အောင် ဆုံးရှုံးနေတာလေးတွေကို ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် ကမ္ဘာ့အလယ်မှာလည်း မျက်နှာပြန်လှလာနိုင်မယ်။ ပါးစပ်နဲ့တင် စကားအပြော ကောင်းနေလို့မရဘူး မြေပြင်မှာ ဘာဖြစ်နေလဲဆိုတာ လူတွေက သိနေကြတယ်။ မြေပြင်မှာဖြစ်နေတဲ့ ကိစ္စရပ်တွေကို ထိထိရောက်ရောက် တစုံတရာလုပ်ပြမယ်ဆိုရင် နှုတ်နဲ့ချေပနေတာတွေပေါ်မှာ တစုံတရာ သက်ရောက်မှု ရှိပါလိမ့်မယ်”
မနေ့က ကုလလူ့အခွင့်အရေးကောင်စီဆွေးနွေးပွဲမှာ တရုတ်အစိုးရ ကိုယ်စားလှယ်ကတော့ မြန်မာအစိုးရကို ထောက်ခံဆွေးနွေးသွားပါတယ်။