မြန်မာစစ်တပ် အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေဆဲလို့ ကုလမဟာမင်းကြီး ပြော
၂ဝ၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စတဲ့ ကဏ္ဍပေါင်းစုံမှာ လူ့အခွင့်အရေးအခြေအနေတွေ သိသိသာသာ ဆုတ်ယုတ်သွားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောလိုက်ပါတယ်။
-
ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2023-01-27 -
-
-
၂ဝ၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စတဲ့ ကဏ္ဍပေါင်းစုံမှာ လူ့အခွင့်အရေးအခြေအနေတွေ သိသိသာသာ ဆုတ်ယုတ်သွားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောလိုက်ပါတယ်။
အရပ်သားတွေကို အကာအကွယ်ပေးဖို့ တာဝန်ရှိတဲ့စစ်တပ်ဟာ နိုင်ငံတကာဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လျစ်လျူရှုပြီး ချိုးဖောက်နေတယ်လို့လည်း ထောက်ပြပါတယ်။
အခုဆိုရင် အရပ်သားတွေကိုပါ ပစ်မှတ်ထားပြီး တရားမဲ့သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ရွာလုံးကျွတ်မီးရှို့တာ၊ မြေပြင်နဲ့ ဝေဟင်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ မဟာမင်းကြီးက ပြောပါတယ်။
စစ်တပ် အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း မြန်မာပြည်အခြေအနေ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြသလို အာဏာသိမ်း စစ်ခေါင်းဆောင်တွေဟာ မြန်မာပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် အခုထက် ပိုမိုဖိနှိပ်ဖို့ ကြိုးစားနေဆဲပဲလို့လည်း ပြောကြပါတယ်။
“သူတို့မှာ ပိုပိုဆိုးလာစရာပဲရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်လမ်းပဲရှိတော့တယ်။ ဒီပြည်သူလူထုကို ရက်ရက်စက်စက်သတ်ဖြတ်ဖို့ နှိပ်စက်ဖို့လောက်ပဲ ရှိတော့တယ်။ ဒါကို ပြည်သူလူထုက မကြောက်မရွံ့ တော်လှန်လာတော့ သူတို့ (စစ်ကောင်စီ) ပိုပိုလန့်လာပြီး ပိုပိုဖိနှိပ်လာမှာပဲ၊ ကျမတို့ လိုချင်တဲ့အရာက အင်မတန်အဖိုးတန်တဲ့အတွက် ကျမတို့ ပေးဆပ်ရမှာလည်း များမှာပါ။ သူတို့(စစ်ကောင်စီ)ဘက်ကလည်း ရက်ရက်စက်စက်လုပ်မယ်။ ကျမတို့ဘက်ကလည်း ခက်ခက်ခဲခဲ တော်လှန်ရမယ်။”
နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇော ပြောသွားတာပါ။
အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ထားတဲ့ လေတပ်က တပ်ကြပ်ကြီး ဇေယျကလည်း အာဏာသိမ်းစစ်တပ်ဟာ တော်လှန်ရေးအင်အားစုတွေအပေါ် မဟာဗျူဟာကျကျ ချေမှုန်းတိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။
“သူ့(စစ်ကောင်စီ)အတွက်က ရွေးကောက်ပွဲကလည်း နီးလာပြီ၊ ငြိမ်းချမ်းရေးဖိတ်ခေါ် ဆွေးနွေးပွဲကိုလည်း ပထမအဖွဲ့ ခုနစ်ဖွဲ့ကတောင် အပြည့်မတက်တော့ သူ့(စစ်ကောင်စီ)အတွက်က ကြိမ်းသေလုပ်လိမ့်မယ်။ ဆက်ပြီးတော့လည်း မဟာဗျူဟာကျ ဌာနချုပ်တွေကို ဗုံးကြဲလာဖို့ အစောကတည်းက ကြိုတင်သုံးသပ်ပြီးသား သတိလည်းပေးထားတယ်။ ကျွန်တော်တို့ ရှေ့တန်းကို မထွက်နိုင်အောင် နောက်တန်းကို တိုက်ခိုက်တဲ့ ပုံစံမျိုးပေါ့။ ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ ဌာနချုပ်တွေကို ချေမှုန်းပြီး ရှေ့တန်းမှာ တိုက်ခိုက်ဖို့ အားပျော့သွားအောင် လုပ်မှာ။ PDF တွေကို ထောက်ပို့တဲ့လမ်းကြောင်းတွေကို ပျော့သွားအောင် လုပ်မှာ။ သူတို့(စစ်ကောင်စီ)မှာ ရွေးချယ်စရာလည်း သိပ်မရှိတော့ဘူးလေ။ သူတို့နိုင်တဲ့လေကြောင်းကို ဖိသုံးမှာ။”
စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အပစ်ရပ်အဖွဲ့ ခုနစ်ဖွဲ့ထဲက ကရင်အမျိုးသား ငြိမ်းချမ်းရေးကောင်စီ KNLA/PC ရဲ့ ဗိုလ်မှူးကြီး စောကျော်ညွန့်ကလည်း မြန်မာပြည်မှာ ငြိမ်းချမ်းရေးက အတော်လေးအလှမ်းဝေးလာပြီလို့ သုံးသပ်ပါတယ်။
“ငြိမ်းချမ်းရေးက ဘယ်လိုမှကို လမ်းစပြန်တည့်မတ်ဖို့က ကြိုးပမ်းရင်းနဲ့ပဲ ကြိုးပမ်းလို့ကို မရဘူး။ ဒီနှစ်နှစ်တာကာလမှာ ငြိမ်းချမ်းရေးနဲ့ တော်တော်လေးအလှမ်းဝေးပြီး လက်ရှိ တိုင်းပြည်ရဲ့ ပကတိအခြေအနေက စစ်ဘောင်က တဖြည်းဖြည်းကျယ်လာပြီး နိုင်ငံရေးဆွေးနွေးမှုဘောင်က ကျဉ်းသထက် ကျဉ်းလာတာပေ့ါလေ။”
အပစ်ရပ်အဖွဲ့တွေဘက်က လက်ရှိ နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းပေါ်မှာ အားလုံးပါဝင်ပြီး တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကြိုးပမ်းနေပေမယ့်လည်း ခရီးမရောက်ဘူးဖြစ်နေတယ်လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဝန်ခံပါတယ်။
စစ်တပ်နဲ့ သူ့ရဲ့ အပေါင်းအပါတွေ လုပ်ရပ်ကြောင့် အနည်းဆုံး လူပေါင်း ၂၈၉၀ လောက် သေဆုံးခဲ့ရပြီး တကယ်လက်တွေ့မှာ ဒီ့ထက် ပိုများနိုင်တယ်လို့လည်း ကုလမဟာမင်းကြီးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ဆိုတဲ့ အချက်တွေကို စစ်တပ်က အကောင်အထည်ဖော်တာ မတွေ့ရဘဲ အကြမ်းဖက်မှုတွေကို ဆက်လက်ကျူးလွန်နေသလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုလည်း တားမြစ်ကန့်သတ်ထားဆဲပဲလို့ မဟာမင်းကြီးက ထောက်ပြပါတယ်။
ကုလမဟာမင်းကြီးရဲ့ ဝေဖန်ထောက်ပြချက်တွေနဲ့ပတ်သက်လို့ စစ်တပ်ရဲ့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ သုံးကြိမ် ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇန်နဝါရီ ၂၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ ဒီနှစ်နှစ်အတွင်း လူပေါင်း ၂၈၉၄ ယောက် သေဆုံးပြီး ၁၃,၆၈၉ ယောက် ဖမ်းဆီးခံထားရပါတယ်။
အခုလို စစ်တပ်ရဲ့ နေ့စဉ် နေ့တိုင်း သတ်ဖြတ်မှုတွေကို ရပ်တန့်အောင်၊ မြန်မာပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နိုင်အောင်၊ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာနိုင်အောင် ကမ္ဘာကြီးက တညီတညွတ်တည်း လုပ်ဆောင်ရမယ့်အချိန်ဖြစ်တယ်လို့ ကုလမဟာမင်းကြီးက တိုက်တွန်းထားပါတယ်။