ကုလအထူးကိုယ်စားလှယ် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံ
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Mr. Tomas Quintana ဟာ နေပြည်တော်မှာ အစိုးရ တာဝန်ရှိသူတွေနဲ့ ဒီနေ့ ဆက်လက် တွေ့ဆုံ ဆွေးနွေးတယ်လို့ သိရပါတယ်။
-
2011-08-22 -
-
-
စစ်အစိုးရက ၎င်းအား မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မပေးသည့်အတွက် ‘လွန်စွာ စိတ်မကောင်းကြောင်း’ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် တောမတ်စ် ကင်တားနား (အလယ်) က ရန်ကုန် လေဆိပ်တွင် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP
Mr. Tomas Quintana နဲ့ နေပြည်တော် တာဝန်ရှိသူတွေ တွေ့ဆုံတဲ့အကြောင်း ရန်ကုန် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ရုံး ပြောခွင့်ရသူ ဦးအေးဝင်းက ပြောပြပါတယ်။
ဒီကနေ့မှာ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု ရှေ့နေချုပ်၊ အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်တို့နဲ့ တွေဆုံခဲ့ကြောင်း၊ မနေ့ကတော့ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင်၊ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ ဒုရဲချုပ်တို့နဲ့ တွေ့ဆုံကြောင်း ပြောပါတယ်။
အစိုးရ တာဝန်ရှိသူတွေနဲ့ ဆက်လက် တွေ့ဆုံဖို့ရှိပြီး ဘာအကြောင်းအရာတွေ ဆွေးနွေးသလဲ ဆိုတာ ဦးအေးဝင်းက အသေးစိတ် ထုတ်ဖော် မပြောပါဘူး။ Mr. Quintana ရဲ့ နောက်ပိုင်း အစီအစဉ်တွေမှာ ရန်ကုန် ရောက်လာတဲ့အခါ အကျဉ်းထောင်ကို သွားရောက်ဖို့ ရှိပြီး နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ဦးအေးဝင်းက ပြောပေမဲ့ ဘယ်ပါတီတွေနဲ့ တွေ့မယ်ဆိုတာ အတိအကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
Mr. Quintana ဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့နဲ့ လာမယ့် ဗုဒ္ဒဟူးနေ့မှာ တွေ့ဆုံဖို့ ရှိပါတယ်။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ Mr Quintana ပထမဆုံး အကြိမ် တွေ့ဆုံတာ ဖြစ်ပြီး မနှစ်က ဖေဖော်ဝါရီမှာ မြန်မာနိုင်ငံ ရောက်လာချိန်က နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် တောင်းပေမဲ့ မရခဲ့ပါဘူး။
အဲဒီတုန်းက တွေ့ဆုံခွင့်ရခဲ့တဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေ ကတော့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ တယ်လီဖုန်းနဲ့ရော စာနဲ့ရော ဘာမှာ အကြောင်းကြားတာ မရှိသေးဘူးလို့ ပြောပါတယ်။
Mr. Quintana ဟာ မြန်မာနိုင်ငံ ငါးရက်ကြာ ခရီးစဉ် အဆုံးမှာ သတင်းစာ ဆရာတွေနဲ့ တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်မယ်လို့လည်း သိရပါတယ်။