ကတိကဝတ်တွေ လက်တွေ့ ဆောင်ရွက်ဖို့ မြန်မာအစိုးရကို ကုလတိုက်တွန်း

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ဒီကနေ့မှာ အစီရင်ခံစာ တစောင် ထုတ်ပြန် လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ ကမႝာ့ ကုလသမဂ္ဂ ဌာနချုပ် အဆောက်အအုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ရွေးကောက်ပွဲ ကျင်းပခဲ့တာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့ပြီး နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု လုပ်ကိုင် လာတာဟာ တိုးတက်မှု လမ်းကြောင်းပေါ်ကို ဦးတည် လိုက်တာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဒီ အစီရင်ခံစာမှာ ပြောကြား ထားပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့မှာ စတင်ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို ပေးပို့လိုက်တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အစီအရင် ခံစာမှာ မစ္စတာဘန်ကီမွန်းက အခုလို ရေးသားထား တာဖြစ်ပါတယ်။

စာမျက်နှာ ၁၇ မျက်နှာပါရှိတဲ့ ဒီ အစီရင် ခံစာမှာ ဗိုလ်ချုပ်ကြီးဟောင်း တဦးဖြစ်တဲ့ သမ္မတသစ် ဦးသိန်းစိန်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှု ကြိုးပမ်းချက်တွေဟာ အကောင်းဘက်က တိုးတက်မှုတွေ ဖြစ်တယ်လို့ မှတ်ချက် ပေးထား ပါတယ်။

ဒါပေမယ့် နိုင်ငံရေး အကျဉ်းသားတွေကို ဆက်ပြီး ဖမ်းဆီး ထိန်းသိမ်း အကျဉ်းချ ထားတာကြောင့် အစိုးရအပေါ်မှာ ယုံကြည်မှု ကျဆင်း စေတယ်လို့လည်း သုံးသပ်ထားပါတယ်။ မြန်မာနိုင်ငံရေးမှာ အခွင့်အလမ်း သစ်တွေ ဖြစ်လာပေမယ့် ဒီ အပြောင်းအလဲ ကတိစကားတွေ လက်တွေ့ အကောင်အထည် ဖော်ဖို့ လိုတယ်လို့လည်း တိုက်တွန်း ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ တွင်းမှာတင် မက တကမ္ဘာလုံး အတွက်ပါ အရေးကြီးတဲ့ လူပုဂ္ဂိုလ် တဦး ဖြစ်တယ်လို့ သုံးသပ်ထားပြီး သူ့အပေါ် ကန့်သတ်ချက်တွေနဲ့ လုံခြုံရေးအပေါ် ထိပါးမယ့် ကိစ္စရပ်မျိုး တွေဟာ နိုင်ငံတကာ အတွက် အထူး စိုးရိမ်စရာတွေ ဖြစ်ပေါ်စေသလို အစိုးရသစ်ရဲ့ မှားယွင်းတဲ့ လုပ်ဆောင်ချက် မျိုးသာဖြစ်လိမ့်မယ် လို့လည်း သတိပေး ထားပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တင်ပြတဲ့ မစ္စတာဘန်ကီမွန်းရဲ့ အစီရင်ခံစာ သစ်ပါ အချက်အလက် တချို့ကို ကောက်နှုတ်ပြီး ကိုကျော်မင်းထွန်းက သီးသန့် တင်ပြ ထားတာကိုလည်း တဆက်တည်း နားဆင် နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org