မြန်မာစစ်တပ်ရဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက်မှုကို ဗြိတိန်ကန့်ကွက်
မြန်မာစစ်တပ်အနေနဲ့ ကလေးငယ်တွေအပေါ် အခွင့်အရေး ချိုးဖောက်မှုတွေ အားလုံးကို ရပ်တန်းကရပ်ပြီး၊ မတရား ဖမ်းဆီး ထိန်းသိမ်းခံထားရသူ အားလုံးကိုလည်း ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
- 2022-06-30
-
-
-
မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဗြိတိန်အစိုးရက ဇွန်လ ၃၀ရက် ဒီကနေ့ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာစစ်တပ်အနေနဲ့ ကလေးငယ်တွေအပေါ် အခွင့်အရေး ချိုးဖောက်မှုတွေ အားလုံးကို ရပ်တန်းကရပ်ပြီး၊ မတရား ဖမ်းဆီး ထိန်းသိမ်းခံထားရသူ အားလုံးကိုလည်း ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကလေးငယ်တွေအပေါ် ဆိုးဝါး ပြင်းထန်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကြုံနေရတဲ့အကြောင်း၊ ကလေးငယ်အများအပြားဟာ စစ်တပ်ရဲ့ တိုက်ခိုက် သတ်ဖြတ်မှုတွေ အပြင်၊ နေအိမ်စွန့်ခွာ ထွက်ပြေးနေရတာတွေ၊ မတရား ဖမ်းဆီးထိန်းသိမ်း ခံရတာတွေ၊ နှိပ်စက် စစ်ဆေးခံနေရကြောင်းကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာအရ သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ဗြိတိန်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အဓိက အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး၊ လုံခြုံရေး ကောင်စီရဲ့ ကလေးငယ်နဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင် ဖြစ်တဲ့အတွက်၊မြန်မာကလေးငယ်တွေကို အကာအကွယ်ပေးနိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီရဲ့ သတ်ဖြတ်တိုက်ခိုက်မှုတွေကို ပံ့ပိုးပေးနေတဲ့ ငွေကြေးရင်းမြစ်တွေကို ဖြတ်တောက်ဖို့ အတွက် ဗြိတိန်က ပိတ်ဆို့ အရေးယူမှု ၁၁ ကြိမ် ချမှတ်ခဲ့ပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက ကလေးငယ်တွေ အပါအဝင် မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုတွေအကြောင်း စုံစမ်း စစ်ဆေးဖို့ ဖွဲ့စည်းထားတဲ့ IIMM အဖွဲ့ရဲ့ သက်သေအထောက်အထား စုဆောင်းတဲ့ လုပ်ငန်းတွေကို ဗြိတိန်နိုင်ငံက အပြည့်အဝ ထောက်ခံတယ်လို့လည်းဆိုပါတယ်။