မဲပေးခွင့်စာရင်း နောက်ဆုံးရက် နဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နယ်မြေတွေ ကြေညာ
နိုဝင်ဘာလ ၈ ရက်နေ့မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းကို လာမယ့် နိုဝင်ဘာလ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ထုတ်ပြန်ကြေညာမှာဖြစ်ပြီး အဲ့ဒီစာရင်းဟာ နောက်ဆုံးဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းဖြစ်ကြောင်း၊ အဲ့ဒီစာရင်းမှာ မပါသူတွေ မဲပေးခွင့်ရှိမှာမဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
-
2015-10-27 -
-
-
Your browser doesn’t support HTML5 audio
နိုဝင်ဘာလ ၈ ရက်နေ့မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းကို လာမယ့် နိုဝင်ဘာလ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ထုတ်ပြန်ကြေညာမှာဖြစ်ပြီး အဲ့ဒီစာရင်းဟာ နောက်ဆုံးဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းဖြစ်ကြောင်း၊ အဲ့ဒီစာရင်းမှာ မပါသူတွေ မဲပေးခွင့်ရှိမှာမဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
ဒီနေ့ နေပြည်တော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းက ပြောလိုက်တာ ဖြစ်ပါတယ်။
"မဲဆန္ဒရှင်စာရင်းကတော့ ပါမလာဘူး ဆိုတဲ့အတွက်ကြောင့် ဘာမှလုပ်လို့မရတော့ပါဘူး၊ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် ကျနော်တို့က ၁၄ ရက်ကနေ ၂၇ ရက်နေ့အထိ မဲစာရင်းတွေ ကပ်ထားပြီးပြီ၊ အဲ့ဒီမှာ သူတို့မပါတဲ့လူလျှောက်လွှာ မပါသေးတဲ့လူတွေနဲ့ ပတ်သက်လို့ရှိရင် ကျနော်တို့ သေချာအောင်လို့ ဆိုပြီးတော့ သက်ဆိုင်ရာမဲစာရင်းတွေကို ကျနော်တို့ အဲ့ဒီမှာကပ်တဲ့အထိ သွားကြည့်ပြီးပြီး မပါနိုင်စရာအကြောင်းတော့ မရှိဘူး"
မဲရုံတစ်ရုံမှာ မဲဆန္ဒရှင်အနည်းဆုံး သုံးရာကနေ သုံးထောင်အထိရှိမှာဖြစ်ပြီး မနက် ၆ နာရီကနေ ညနေ ၄ နာရီအတွင်း မဲပေးခွင့်ရှိမှာဖြစ်ပါတယ်။ မဲပေးမယ့်သူများတဲ့ မဲရုံတွေမှာဆိုရင် သတ်မှတ်ပေးထားတဲ့ မဲပေးချိန်ကာလအတွင်း မဲပေးမှုမပြီးသေးဘူးဆိုရင် မဲရုံပရဝုဏ်အတွင်းမှာရှိသူတွေကို ပြီးဆုံးအောင် မဲပေးခွင့်ပြုမယ်လို့လည်း ပြောပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ မဲပေးခွင့်ရှိသူ ၃၄ သန်းလောက်ရှိပြီး မဲလက်မှတ်ပေါင်း ၁၂၅ သန်းကျော် ရိုက်နှိပ်နေတယ်လို့ သိရပါတယ်။
ဒီအတောအတွင်း နယ်မြေမတည်ငြိမ်တာကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နယ်မြေတွေကို ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်နဲ့ ကျေးသီးမြို့နယ်တို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်းနဲ့ တန့်ယန်းမြို့နယ်က ကျေးရွာအုပ်စု ၈ အုပ်စုနဲ့ ဟိုပန်မြို့နယ်က ရပ်ကွက် ၅ခု၊ ကျေးရွာအုပ်စု ၃၇ အုပ်စုမှာလည်း ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။