သူရဦးတင်ဦး နာရေးကို သမ္မတဦးဝင်းမြင့်မိသားစု လွမ်းသူ့ပန်းခြင်းပို့

သမ္မတဦးဝင်းမြင့်မိသားစုက NLD ပါတီ နာယက ဦးတင်ဦးရဲ့ နာရေးနေအိမ်ကို ဇွန် ၃ ရက်နေ့မှာ လွမ်းသူ့ပန်းခြင်း လာရောက်ပို့ပေးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက သူရဦးတင်ဦး၏ ဈာပနသို့ ၂ဝ၂၄ ခုနှစ် ဇွန်လ ၃ ရက်နေ့က သမ္မတဦးဝင်းမြင့် မိသားစု ပေးပို့ခဲ့သည့် လွမ်းသူ့ပန်းခြင်း။ Citizen Journalist

သမ္မတဦးဝင်းမြင့်မိသားစုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက ဦးတင်ဦးရဲ့ နာရေးနေအိမ်ကို ဇွန်လ ၃ ရက်နေ့ နေ့လယ် ၃ နာရီမှာ လွမ်းသူ့ပန်းခြင်း လာရောက်ပို့ပေးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

သမ္မတဦးဝင်းမြင့်ရဲ့ သမီးနဲ့ သမက်ဖြစ်သူတို့ လွမ်းသူ့ပန်းခြင်း လာရောက်ပို့ဆောင်တာဖြစ်ပြီး ဝမ်းနည်းကြောင်းစကားလည်း ပြောသွားတယ်လို့ ဦးတင်ဦးရဲ့ ကိုယ်ရေးအရာရှိ ဦးမြင့်ဦးက RFA ကို ပြောပါတယ်။

"ပန်းခြင်းလာပို့သွားတာပေါ့။ ဝမ်းနည်းကြောင်းပြောတယ်။ သမ္မတကြီး ဦးဝင်းမြင့်လည်း ဒီသတင်းကိုသိရင် ဝမ်းနည်းမှာလို့ ပြောတယ်။ အထူးအထွေတော့ မရှိပါဘူး။ နစကအဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်လည်း ဘဘနာရေးကို မနက်ဖြန် လိုက်ပို့ပါမယ်"

ဇွန်လ ၂ ရက်နေ့ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော် မိသားစုတို့ကလည်း လွမ်းသူ့ပန်းခြင်းတွေ ပေးပို့ခဲ့တယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးပို့တဲ့ လွမ်းသူ့ပန်းခြင်းကိုတော့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချူပ်ဇော်ဟိန်းကိုယ်တိုင် ဇွန်လ ၁ ရက်နေ့ ညပိုင်းမှာ ကိုယ်စားလာပေးခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၉၈ နှစ်အရွယ် သူရဦးတင်ဦးဟာ ဇွန်လ ၁ ရက်နေ့ မနက် ၈ နာရီကျော်မှာ ရန်ကုန်ဆေးရုံကြီးရဲ့ နှလုံးအထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှုခံယူရင်း ဆုံးပါးခဲ့တာ ဖြစ်ပါတယ်။

သူရဦးတင်ဦးရဲ့ ဈာပနခမ်းအနားကို ဇွန်လ ၅ ရက် မနက်ဖြန်မှာ ပြုလုပ်မှာဖြစ်ပြီး ရုပ်အလောင်းကို ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ဂူသွင်းသင်္ဂြိုဟ်မယ်လို့ ဆိုပါတယ်။

သူရဦးတင်ဦးဟာ ၁၉၇၄ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးရာထူးနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်သလို ၁၉၈၈ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို တည်ထောင်ခဲ့သူတွေထဲက တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org