လယ်မြေတွေ ပြန်မပေးနိုင်ကြောင်း ဦးခင်ရွှေပြောကြား
စက်မှုမြေအဖြစ် ရောင်းပြီးတဲ့ လယ်မြေတွေကို ပြန်မပေးနိုင်ဘူးလို့ ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် (၉) ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ဇူလိုင်လ ၂၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
-
2012-07-25 -
-
-
ဒါ့အပြင် လယ်မြေတွေကို ကုမ္ပဏီတွေက သိမ်းယူပြီး စက်မှုဇုန်တွေ၊ အိမ်ရာတွေ၊ စီမံချက်တွေ ဆောင်ရွက်နေတယ်လို့ သတင်း မီဒီယာတွေကနေတဆင့် လယ်သမားတွေကို သွေးထိုးမြှောက်ပင့်ပြီး အရေးဆိုနေကြတဲ့ စွပ်စွဲချက်တွေကလည်း လွဲမှားနေတယ်လို့ ဇေကမ္ဘာ ဦးခင်ရွှေက ပြောပါတယ်။
လယ်မြေတွေ အသိမ်းခံထားရတာကို စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမားတွေ မနစ်နာအောင် တရားသဖြင့် ဖြေရှင်းပေးဖို့ အဆိုကို ဆွေးနွေးတဲ့အခါမှာ သူက ပြောလိုက်တာပါ။
ဦးခင်ရွှေရဲ့ ဇေကမ္ဘာကုမ္ပဏီဟာ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စုက လယ်မြေဧက ၈၀၀ ကျော်ကို တိုးချဲ့စက်မှုဇုန် ဖော်ထုတ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၁၀ တုန်းက သိမ်းယူခဲ့ပါတယ်။
အဲဒီကာလက ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကနေတဆင့် လယ်သမားတွေကို ပေါင်းကူးကျေးရွာ ဓမ္မာရုံမှာ ခေါ်ယူတွေ့ဆုံပြီး လယ်တစ်ဧကကို ကျပ် (၅) သောင်းပေးမယ်။ လယ်သမားတွေကလည်း အဲဒီလယ်တွေကို စွန့်လွှတ်ကြောင်း လက်မှတ်ထိုးရမယ်လို့ ပြောတဲ့အခါမှာ လယ်သမားတွေက လက်မခံတဲ့အတွက် နစ်နာကြေးအဖြစ် တစ်ဧက ကျပ် (၃) သိန်းအထိ တိုးပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက်မှာတော့ ဒီငွေကိုယူပြီး သဘောတူရင်တူ ငွေမယူရင် လယ်တွေကို သိမ်းမယ်လို့ဆိုပြီး နေ့စဉ်ရက်ဆက် ဆိုသလို ဇေကမ္ဘာ ကုမ္ပဏီက တာဝန်ရှိသူတွေက သူတို့ကို တစ်ဦးချင်း ခေါ်ယူ ပြောကြားခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။