ကျောင်းအုပ်ဆရာမကို အဓမ္မပြုကျင့်တာမှန်ကြောင်း TNLA ပြော

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မန်ခေါက်ကျေးရွာက အလယ်တန်းကျောင်းခွဲ ကျောင်းအုပ် ဆရာမကို TNLA တပ်သား နှစ်ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်းနဲ့ အရေးယူမှာဖြစ်ကြောင်း TNLA ကပြောပါတယ်။

TNLA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် Photo: Kan Thar/RFA

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မန်ခေါက်ကျေးရွာက အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကို TNLA တပ်သား နှစ်ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်းနဲ့ အရေးယူမှာဖြစ်ကြောင်း TNLA ကပြောပါတယ်။

ပြစ်မှုကျူးလွန်သူ နှစ်ဦးကို စစ်ဥပဒေအရ ခုံရုံးကနေ ဆက်လက်စစ်ဆေးသွားမယ်လို့ TNLA သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။

"ခုလောလောဆယ် သူတို့ကို အောက်မှာပဲ စစ်ဆေးဆောင်ရွက်နေတယ်၊ သူတို့အထက်အရာရှိ က ခေါ်ဆောင်ပြီးမှ သွားရောက်တောင်းပန်တာပေါ့၊ ပြစ်မှားတဲ့အကြောင်းပေါ့နော်၊ သူတို့မှာလည်း စစ်ဥပဒေရှိတယ်၊ အဓမ္မပြုကျင့်မှုတို့ သက်ငယ်မုဒိန်းတို့ လူမှုရေးဖောက်ပြန်မှုတို့ ကန့်သတ်ထားတာ ရှိတယ်၊ မုဒိန်းမှုနဲ့ပတ်သက်ပြီးတော့ သတ်မှတ်ထားတာတော့ ထောင်ဒဏ် တစ်နှစ်ကနေ အများ ဆုံးပြစ်ဒဏ် ကတော့ သေဒဏ်ထိ သတ်မှတ်ထားတာရှိတယ်"

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့ မနက်ပိုင်းက ကျောက်မဲမြို့နယ် မန်ခေါက်ရွာအလယ်တန်း ကျောင်းဝင်း ထဲက ကျောင်းအုပ်ဆရာမရဲ့ နေအိမ်ကို TNLA တပ်သားနှစ်ဦးတို့က အိမ်ပြင်ဆွဲခေါ်ပြီး အဓမ္မပြုကျင့်ခဲ့ကြတာဖြစ် ပါတယ်။

အဲဒီကျောင်းအုပ်ဆရာမက ကျေးရွာရပ်မိရပ်ဖတွေနဲ့အတူ ကျောက်မဲမြို့နယ်ပညာရေးမှူးရုံးမှာ သူ့ရဲ့လက်ကိုင် ဖုန်း နှစ်လုံးကို TNLA နှစ်ဦးက ယူဆောင်သွားခဲ့တယ်လို့ တိုင်ကြားခဲ့ရာ မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတွေ က မေးမြန်းစုံစမ်းခဲ့ရာကနေ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ် ပေါ်ပေါက်ခဲ့တာလို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကလည်း သတင်းဖော်ပြထားပါတယ်။

အဲဒီကျောင်းအုပ်ဆရာမကြီးကိုလည်း ကိုယ်တိုင်သွားရောက်တောင်းပန်ပြီးဖြစ်ကြောင်း၊ နောက်ထပ် အခုလို မဖြစ်ပွားရအောင် အောက်ခြေအဆင့်ဆင့်တို့ကိုလည်း ညွှန်ကြားထားကြောင်း၊ ပြစ်မှုကျူးလွန်သူနှစ်ဦးကိုတော့ လက်ရှိမှာ ချုပ်နှောင်ထားတယ်လို့ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org