နိုဝင်ဘာ ၂၇ ရက်နေ့မှာ တစ်နိုင်ငံလုံး စစ်ဆင်ရေး စမယ်လို့ မြောက်ပိုင်းသုံးဖွဲ့ ကြေညာ

၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်တဲ့ နိုဝင်ဘာလ ၂၇ ရက်မှာ တစ်နိုင်ငံလုံး စစ်ဆင်ရေး (Nationwide Operation) ကို စတင်မယ်လို့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က နိုဝင်ဘာလ ၂၄ ရက်မနေ့ညက ကြေညာပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ ရက္ခိုင့်တပ်တော် AA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ Arakan Army

၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်တဲ့ နိုဝင်ဘာလ ၂၇ ရက်မှာ တစ်နိုင်ငံလုံး စစ်ဆင်ရေး (Nationwide Operation) ကို စတင်မယ်လို့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က နိုဝင်ဘာလ ၂၄ ရက်မနေ့ညက ကြေညာပါတယ်။

တစ်နိုင်ငံလုံးက လူတိုင်း ပါဝင်တဲ့ စစ်ဆင်ရေးကြီးဖြစ်မှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်မှာ ဖြစ်တာကြောင့် ဒီစစ်ဆင်ရေးမှာ လူတိုင်း၊ တစ်ဦးချင်းစီ ပါဝင်ကြဖို့လည်း မဟာမိတ်သုံးဖွဲ့က တိုက်တွန်းထားပါတယ်။

မဟာမိတ်သုံးဖွဲ့ဟာ ရည်မှန်းထားတဲ့ စစ်ရေးအစီအမံတွေကို တစ်ခုပြီးတစ်ခု ဆက်ပြီး အကောင်အထည် ဖော်နေသလို စစ်ဆင်ရေး အရှိန်ကိုလည်း ရပ်တန့်မသွားအောင် မိတ်ဖက် အဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ဘုံရည်မှန်းချက် တူညီတဲ့အဖွဲ့တွေနဲ့အတူ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့် တပ်မတော် (MNDAA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ရက္ခိုင့် တပ်တော် (AA) တို့ဟာ ၁၀၂၇ စစ်ဆင်ရေးကိုကြေညာပြီး လားရှိုးမြို့ အပါအဝင် ကွမ်းလုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ နမ့်ခမ်း၊ ကွတ်ခိုင် စတဲ့မြို့တွေက စစ်ကောင်စီ တပ်စခန်းတွေကို အောက်တိုဘာ ၂၇ ရက် မနက် ၄ နာရီက ဝင်တိုက်ခဲ့တာပါ။

၁၀၂၇ စစ်ဆင်ရေးမှာ MNDAA၊ TNLA နဲ့ AA တို့အပြင် မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်မတော် (MDY-PDF)၊ ဗမာ ပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) နဲ့ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) တို့လည်း ပူးပေါင်းပါဝင်နေပါတယ်။

မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်ခါနီးမှာ စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၁၇၀ ကျော် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ရဲ့ တစ်နိုင်ငံလုံး စစ်ဆင်ရေး (Nationwide Operation) နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာရော တုံ့ပြန်ပြောဆိုတာရော မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org