ရှမ်းမြောက်က မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း PLA ပြော
2024.10.27

ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့သိမ်းတိုက်ပွဲတွေမှာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်ဖြစ်တဲ့ အောက်တိုဘာလ ၂၇ ရက် မနေ့က ထုတ်ပြန်ပါတယ်။
စစ်ဆင်ရေးကာလအတွင်း သိန္ဒီမြို့သိမ်းတိုက်ပွဲ၊ သိန္ဒီအခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၆) စခန်းသိမ်းတိုက်ပွဲ၊ မိုးမိတ်မြို့ သိမ်းတိုက်ပွဲ၊ လားရှိုးမြို့သိမ်းတိုက်ပွဲတွေအပြင် မန္တလေးတိုင်းထဲက တိုက်ပွဲတွေမှာလည်း ပူးပေါင်းပါဝင် တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လက်ရှိမှာတော့ သပိတ်ကျင်းမြို့နယ်ထဲက ခုနစ်မိုင်၊ ကျောက်ကြီးနဲ့ စစ်ကောင်စီရဲ့ တပ်မတော် လေ့ကျင့်ရေးသင်တန်းကျောင် (တကက-၁၃) နဲ့ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်နေတယ်လို့ PLA က ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA) တို့က ဦးဆောင်တိုက်ခိုက်ခဲ့တာပါ။
ဒီသုံးဖွဲ့နဲ့အတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA)၊ ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA)၊ ဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF တပ်ရင်းတပ်ဖွဲ့တွေက ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တယ်လို့ ရှမ်းပြည်နယ် စစ်ရေးလေ့လာသူတွေက ပြောပါတယ်။
လက်ရှိတိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာလည်း AA နဲ့ အတူ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တို့အပါအဝင် တခြားတော်လှန်ရေးတပ်တွေ ပူးပေါင်းပါဝင် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေး တစ်နှစ်တာအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မန္တလေးတိုင်းက မြို့ပေါင်း ၃၈ မြို့အထိ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ထိန်းချုပ်နိုင်ခဲ့ပါတယ်။