ရွှေပြည်သာမြို့က ပြည်သူ သုံးဦး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ
စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားတဲ့ ရွှေပြည်သာ မြို့နယ်ထဲက ပြည်သူ သုံးဦးဟာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံလိုက်ရပါတယ်။
- 2022-01-31
-
-
-
စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားတဲ့ ရွှေပြည်သာမြို့နယ်ထဲက ပြည်သူ သုံးဦးဟာ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာ အက်ဥပဒေ ပုဒ်မနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံလိုက်ရပါတယ်။
ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာ အက်ဥပဒေ ပုဒ်မ-၄ (ခ)/၆ နဲ့ စစ်ခုံရုံး ကနေ ဘာခုခံချေပခွင့်မှ မရှိဘဲ အမိန့်ချခံလိုက်ရတာလို့ အမည်မဖော်လိုတဲ့ ရှေ့နေ တစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့ သုံးဦးကို ဇန်နဝါရီ ၂၆ ရက်နေ့ကတည်းက အမိန့်ချလိုက်တာပါ၊ ဘာတစ်ခုမှ ခုခံချေပခွင့်မရဘဲ စစ်ခုံရုံးဖွဲ့ပြီး၊ လိုသလို ပုဒ်မတပ်ပြီး ပြည်သူတွေကို ထောင်ချနေ တာပါ။ ကျနော့် မျက်လုံးထဲတော့ သပ်သပ်မဲ့ အနိုင်ကျင့်နေတာလို့ပဲ မြင်တယ်"
(၁၄) ရပ်ကွက်မှာနေတဲ့ ကိုထွန်းထွန်းဦး၊ (၉) ရပ်ကွက်မှာနေတဲ့ ကိုသက်နိုင်နဲ့ (၃) ရပ်ကွက်မှာနေတဲ့ ကိုသူရဖြိုးဝေ တို့ဖြစ်ပြီး အကြမ်းဖက်ဖောက်ခွဲရာမှာ အသုံးပြုတဲ့ ယမ်းစိမ်းတွေ လက်ဝယ်ထားရှိတယ်ဆိုပြီး ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။
သူတို့သုံးဦးဟာ ရပ်ကွက်ထဲက စစ်ကောင်စီ သတင်းပေး ဒလန်တွေကြောင့် အိမ်တွေမှာ သိမ်းထားတဲ့ ယမ်းစိမ်း၊ ခဲယမ်းတစ်ချို့နဲ့အတူ အဖမ်းခံလိုက်ရတာလို့လည်း ရှေ့နေက ပြောပါတယ်။
သူတို့သုံးဦးရဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့နှစ် မတ်လ ၁၅ ရက်ကစပြီး ရန်ကုန်တိုင်းထဲက မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းတို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး နယ်မြေတွေအဖြစ် ကြေညာခဲ့ပါတယ်။
RFA က ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကနေ ဒီနေ့ တစ်နှစ်ပြည့်တဲ့အထိ ရန်ကုန်မြို့က စစ်ခုံရုံးအသီးသီးကနေ သေဒဏ်နဲ့ ထောင်ဒဏ် တစ်သက် အပါအဝင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသူ ၁၅၀ ဦး ရှိနေပြီ ဖြစ်ပါတယ်။