သံဃသမဂ္ဂ (မန္တလေး)ရဲ့ ဦးဆောင်ဆရာတော် ဦးကလျာဏ ဖမ်းဆီးခံရ
သံဃသမဂ္ဂ(မန္တလေး)ရဲ့ ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ ဆရာတော်ဦးကလျာဏကို စစ်ကောင်စီက အောက်တိုဘာလ ၃ဝ ရက်နေ့က ဖမ်းဆီးသွားပါတယ်။
- 2022-10-30
-
-
-
သံဃသမဂ္ဂ(မန္တလေး)ရဲ့ ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ ဆရာတော်ဦးကလျာဏကို စစ်ကောင်စီက အောက်တိုဘာလ ၃ဝ ရက်နေ့ ညနေ ၅ နာရီခန့်မှာ ဖမ်းဆီးသွားတယ်လို့ သံဃသမဂ္ဂ (မန္တလေး) က သတင်းထုတ်ပြန်ပါတယ်။
ဆရာတော်သီတင်းသုံးနေတဲ့ မန္တလေးမြို့ကကျောင်းထဲကို ဝင်ဖမ်းတာလို့ သံဃသမဂ္ဂ ( မန္တလေး) က ဆရာတော်တစ်ပါးက RFA ကိုမိန့်ပါတယ်။
“ညနေ လေးနာရီလောက်အထိ အဆက်အသွယ်ရသေးတယ်။ ၅ နာရီနောက်ပိုင်း အဆက်အသွယ် မရတော့တာ။ ဆရာတော်သတင်းသုံးနေတဲ့ မန္တလေးက ကျောင်းတစ်ကျောင်းကို စစ်ကောင်စီက ဝင်ဖမ်းတာ။ မန္တလေး သပိတ်အင်အားစုက လူငယ်သုံးယောက်လည်း အဖမ်းခံရတယ်။”
ဆရာတော်ဟာ အဖမ်းမခံရခင် ကျန်းမာရေးကောင်းမွန်သူဖြစ်တာကြောင့် စစ်ကောင်စီက ဖမ်းဆီးပြီး နောက် အသက်အန္တရာယ် တစ်စုံတစ်ရာဖြစ်ခဲ့မယ်ဆိုရင် ဖမ်းဆီးသူတွေရဲ့ တာဝန်ဖြစ်ပြီး တာဝန်ယူရ မယ်လို့ သံဃသမဂ္ဂ(မန္တလေး) ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သံဃသမဂ္ဂ(မန္တလေး) ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ သံဃာအဖွဲ့အစည်း ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သံဃသမဂ္ဂ (မန္တလေး) က ဆရာတော် ၁၆ ပါးကို ဖမ်းဆီးခဲ့ပြီး ၇ ပါးပြန်လွတ်လာပြီးဖြစ်တာကြောင့် လက်ရှိအဖမ်းခံလိုက်ရတဲ့ ဆရာတော် ဦးကလျာဏ အပါအဝင် ဖမ်းဆီးခံ ဆရာတော် ၉ ပါးရှိတယ်လို့ ပြောပါတယ်။
အခုနှစ် ဇွန်လနဲ့ ဇူလိုင်လတွေမှာ သံဃသမဂ္ဂ( မန္တလေး) က ဆရာတော်တွေဖြစ်တဲ့ ဆရာတော် ဦးသုစိတ္တ၊ ဦးသီရိန္ဒ၊ ဦးဝိလသ၊ ဦးရေဝတနဲ့ ဦးဝီရိယဓမ္မတို့ကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ်စီချမှတ်ထားပါတယ်။