ကမ္ဘာ့ရပ်မိရပ်ဖများ အဖွဲ့ မြစ်ကြီးနားကို ရောက်ရှိ

ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို အဓိကထားဆောင်ရွက်နေတဲ့ The Elders ခေါ် ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့ က ခေါင်းဆောင်နှစ်ဦးဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကို ဒီနေ့ ရောက်ရှိလာပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို မတ်လ ၂၅ ရက်နေ့က ရောက်ရှိလာသော The Elders အဖွဲ့က ခေါင်းဆောင်များကိုတွေ့ရစဉ် photo: Kyaw Myo Min/RFA

ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးကိစ္စတွေကို အဓိကထားဆောင်ရွက်နေတဲ့ The Elders ခေါ် ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့က ခေါင်းဆောင်နှစ်ဦးဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ဒီနေ့ ရောက်ရှိလာ ပါတယ်။

မြစ်ကြီးနားမြို့ကို ပထမဆုံးရောက်ရှိလာသူတွေထဲမှာ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဖင်လန်သမ္မတဟောင်း Mr. Martti Ahtisaari နဲ့ နော်ဝေနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mrs. Gro Harlem Brundtland အပါအဝင် စုစုပေါင်း ကိုယ်စားလှယ်အဖွဲ့ဝင် ၁၀ ယောက် ပါဝင်ပါတယ်။

လာမယ့် မတ်လ ၂၈ရက်နေ့အထိ ကြာမြင့်မယ့် ကမ္ဘာ့ရပ်မိရပ်ဖ ခေါင်းဆောင်များရဲ့ ခရီးစဉ်အတွင်း စစ်ပြေးဒုက္ခသည်စခန်းတွေကို သွားရောက်လည်ပတ်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ The Elders အဖွဲ့က သူတို့ခရီးစဉ်နဲ့ပတ်သက်ပြီး ထုတ်ဖေါ်ပြောဆိုဖို့ ငြင်းပါတယ်။

ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ဟာ မနေ့က နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ရဲ့ အတွေ့အကြုံတွေ မျှဝေပေးဖို့နဲ့ အကူအညီပေးနိုင်မယ့်ကိစ္စ၊ ပညာရေး၊ ကျန်းမာရေးနဲ့ သန်းခေါင်စာရင်း ကောက်ယူမယ့်ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတော်သမ္မတရုံး အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

The Elders ခေါ် ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားက အဖွဲ့ဝင်ဖြစ်ခဲ့ပြီး အဲဒီအဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ အမေရိကန်သမ္မတဟောင်း မစ္စတာဂျင်မီကာတာ ဟာ မြန်မာနိုင်ငံကို မနှစ်က ပထမဆုံးအကြိမ် လာရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org