သာယာဝတီအကျဉ်းထောင် ညှဉ်းပမ်းနှိပ်စက်မှု အချက်အချာနေရာဖြစ်နေ
မြန်မာနိုင်ငံ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ညှဉ်းပမ်းနှိပ်စက်မှု၊ ဆေးကုသခွင့်မရမှုတွေနဲ့ အဓမ္မလုပ်အားပေးတွေ ခိုင်းစေခံနေရတယ်လို့ ကမ္ဘာ့ညှဉ်းပမ်းနှိပ်စက်မှုတိုက်ဖျက်ရေးအဖွဲ့ (OMCT) က ဧပြီ ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
-
RFA Burmese
2025-04-14 -
-
-
မြန်မာနိုင်ငံ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ညှဉ်းပမ်းနှိပ်စက်မှု၊ ဆေးကုသခွင့်မရမှုတွေနဲ့ အဓမ္မလုပ်အားပေးတွေ ခိုင်းစေခံနေရတယ်လို့ ကမ္ဘာ့ညှဉ်းပမ်းနှိပ်စက်မှုတိုက်ဖျက်ရေးအဖွဲ့ (OMCT) က ဧပြီ ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကထည်းက စစ်ကောင်စီဟာ ထောင်နဲ့ချီတဲ့ နိုင်ငံရေး အတိုက်အခံတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ အရပ်သားတွေကို လုပ်ကြံဖန်တီးပြီး နိုင်ငံရေးလှုံ့ဆော်မှုစွဲချက်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်းစိန်၊ ဘားအံနဲ့ ပြည်အကျဉ်းထောင်တို့က ပြောင်းရွှေ့လာသူတွေပါအဝင် စုစုပေါင်း အကျဉ်းသား ၃၉၀၀ ကျော် ရှိတယ်လို့ဆိုပါတယ်။
အာဏာသိမ်းချိန်ကနေ ၂၀၂၄ ဒီဇင်ဘာလအထိ ကိုယ်ထိလက်ရောက်စော်ကားမှုနဲ့ ဆေးဝါးကုသခွင့် ငြင်းပယ်ခံရတာတွေကြောင့် အကျဉ်းသား ၃ ဦး အချုပ်ထဲမှာ သေဆုံးခဲ့ကြောင်း၊ နောက်ထပ် ရိုက်နှက်ခံရခြင်း၊ သန့်ရှင်းမှုမရှိတဲ့အခြေအနေနဲ့ ဆေးဝါးကုသမှုမရတာကြောင့် ဒါဇင်ပေါင်းများစွာလည်း ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစာနေရကြောင်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
သာယာဝတီထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှု အခြေခံအဆောက်အအုံချို့တဲ့နေပြီး ဆရာဝန်မရှိ ဆေးဝါးမရှိ ဖြစ်နေတယ်လို့ဆိုပါတယ်။ ရေမသန့်ရှင်းတာ၊ အိမ်သာမလုံလောက်တာ နဲ့ မိလ္လာရေတွေကို စိုက်ပျိုးရေးတွေမှာ အသုံးပြုတာတွေကြောင့် အရေပြားရောဂါပိုးဝင်ခြင်း၊ ကပ်ပါးရောဂါ နဲ့ ပြင်းထန် အစာအိမ် အူလမ်းကြောင်း ဆိုင်ရာရောဂါ ဖြစ်ပွားနိုင်ခြေ ရှိနေတယ်လို့ဆိုပါတယ်။
အကျဉ်းထောင်အာဏာပိုင်တွေရဲ့ အကျင့်ပျက်ခြစားမှုတွေ၊ သတင်းအချက်အလက်ပိတ်ပင်မှုတွေ၊ မိသားစုကို ခြိမ်းခြောက်ခြင်း နဲ့ လက်စားချေခြင်းတွေကို အကျဉ်းသားတွေ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။
OMCT က မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ အရေးတကြီးတောင်းဆိုကြောင်း၊ နှိပ်စက်ညှဉ်းပမ်းမှုနဲ့ တခြားပြင်းထန်တဲ့ ချိုးဖောက်မှုတွေမှာ တာဝန်ရှိတဲ့ အကျဉ်းထောင်အရာရှိတွေနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို ပိတ်ဆို့အရေးယူဖို့၊ လူ့အခွင့်အရေးအဖွဲ့တွေ နဲ့ ကျွမ်းကျင်သူတွေကို ထိန်းသိမ်းရေးစခန်းတွေ ဝင်ရောက်ခွင့်ပြုဖို့ သံတမန်ရေးအရ ဖိအားပေးတာတွေ ပြင်းပြင်းထန်ထန်လုပ်ဖို့နဲ့ ညှဉ်းပမ်းနှိပ်စက်မှုတွေနဲ့ ပတ်သက်ပြီး လွတ်လပ်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုလုပ်ဖို့လည်း OMCT က တောင်းဆိုထားပါတယ်။