သံတွဲက စစ်ဘေးဒုက္ခသည်တွေ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီလိုအပ်နေ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက RFA ကို စက်တင်ဘာလ ၁၁ ရက်နေ့မှာ ပြောပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ကူညီထောက်ပံ့ခဲ့စဉ်။ လေးဝတီ စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက RFA ကို စက်တင်ဘာလ ၁၁ ရက်နေ့မှာ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် နှစ်လကျော်အကြာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တချို့ နေရပ်ပြန်လာကြသလို တချို့ကတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းအန္တရာယ်ကြောင့် နေရပ်မပြန်ကြသေးဘဲ ဘေးလွတ်ရာနေရာတွေမှာ ဆက်လက်နေထိုင်ကြတယ်လို့ ဆိုပါတယ်။

ပြန့်ကျဲနေတဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ နေအိမ်ပြန်သူတွေလည်းရှိတာကြောင့် စစ်ဘေးဒုက္ခသည် အရေအတွက် အတိအကျသိရဖို့ ခက်ခဲတယ်လို့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ရခိုင်ပြည်နယ် အခြေစိုက် သတင်းဌာနတွေမှာတော့ အရေးပေါ် အကူအညီလိုနေတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက် ခုနစ်ထောင်ခန့် ရှိနေတယ်လို့ ဖော်ပြပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတစ်ဦးကတော့ လတ်တလောမှာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီတွေ အကူအညီလိုအပ်နေတယ်လို့ RFA ကို ပြောပါတယ်။

“ဆေးဝါးက ပြီးခဲ့တဲ့ ၂၀၂၃၊ နိုဝင်ဘာလလောက်ကတည်းက ပိတ်ထားတာဆိုတော့ ပြတ်လပ်နေတဲ့ အနေအထားပေါ့။ မရ၊ ရတဲ့နေရာကနေ ရှာပြီးတော့ ဆေးကုပေးကြရတာပေါ့။ စားနပ်ရိက္ခာတွေလည်း တတ်နိုင်သလောက် အကူအညီတွေပေးနေပေမဲ့ ရေရှည်မှာ ဒါကအဆင်မပြေနိုင်တော့ဘူး”

ရခိုင်ပြည်နယ် တောင်ပိုင်းက သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်တွေမှာ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လူသားချင်း စာနာမှုအကူအညီတွေပေးဖို့ စစ်ဘေးဒုက္ခသည် အကူအညီပေးနေသူတွေက ပြောပါတယ်။

ဆေးဝါးနဲ့ စားနပ်ရိက္ခာ သယ်ယူတဲ့ လမ်းကြောင်းတွေ ကန့်သတ်ထားမှု အခြေအနေ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကတော့ သူတို့ ထိန်းချုပ်နယ်မြေတွေက စစ်ဘေးဒုက္ခသည်တွေကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့တာတွေ လုပ်နေတယ်လို့ RFA ကို သြဂုတ်လ ၂၀ ရက်နေ့က ပြောထားပါတယ်။

သံတွဲမြို့နယ်မှာ ဇူလိုင်လအတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် မြို့ပေါ်ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီနောက် နှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ်ပြီး စစ်ကောင်စီရဲ့ သံတွဲရေတပ်စခန်းဌာနချုပ်ကို စက်တင်ဘာလ ၅ ရက်က AA က ထပ်မံသိမ်းပိုက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org