သံတွဲပဋိပက္ခ အစိုးရထုတ်လွှင့်ချက် လက်မခံကြောင်း ရဟန်းတော်များ တုံ့ပြန်
ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေအိမ်တွေ မှာ သာသနာ့အလံတွေ ထောင်ထားတာဟာ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်မှုမရှိဘူးလို့ သံတွဲမြို့ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့က အောက်တိုဘာလ ၄ ရက် မနေ့ကရက်စွဲနဲ့ သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
-
2013-10-05 -
-
-
ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေအိမ်တွေမှာ သာသနာ့အလံတွေ ထောင်ထားတာဟာ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်မှုမရှိဘူးလို့ သံတွဲမြို့ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့က အောက်တိုဘာလ ၄ ရက် မနေ့ကရက်စွဲနဲ့ သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့က အစိုးရပိုင် ရုပ်သံမီဒီယာတွေက သံတွဲမြို့နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး ထုတ်လွှင့်သွားချက်ကို လက်မခံတဲ့အတွက် ဒီသဘောထားကြေညာချက်ကို ထုတ်ပြန်ရတာလို့ သံတွဲမြို့ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ ဥက္ကဌ ဆရာတော် အရှင်ကောသလ္လက RFA ကို မိန့်ပါတယ်။
“သာသနာ့အလံတွေ ထောင်ပြီးတော့ အကြမ်းဖက်မှုတွေ လုပ်ဆောင်တယ်လို့ အဲလိုထုတ်ပြန်တယ်၊ တကယ်တေ့ာမဟုတ်ဘူး၊ ၂၆ ရက်နေ့က နိုင်ငံတော် ဗုဒ္ဓဘာသာနေ့ ကျင်းပတဲ့အချိန်အခါမှာ သာသနာ့အလံတွေ ဗုဒ္ဓဘာသာအိမ်တွေမှာ စိုက်ထူထားတယ်၊ စိုက်ထူထားတာကို မရုပ်သိမ်းပဲနဲ့ ဒီအတိုင်းထားခဲ့တာ၊ အဲဒါကို အမျိုးဘာသာသာသနာ ထိန်းသိမ်းရေးအဖွဲ့ကနေပြီးတော့ တစ်ဖက်သတ်ကောက်ချက်ချပြီးတော့ မြန်မာ့အသံမှာ ကြေညာတာ မှားယွင်းတယ်၊ ကန့်ကွက်တယ်လို့ သဘောထားထုတ်ပြန်တယ်”
ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့က သံတွဲမြို့ပေါ်မှာကျင်းပခဲ့တဲ့ နိုင်ငံတော်ဗုဒ္ဓဘာသာနေ့ အခမ်းအနားမှာ မြို့ပေါ်နဲ့ ကျေးလက်အချို့မှာ သာသနာ့အလံတွေကို နေအိမ်အတော်များများမှာ စိုက်ထူခဲ့ကြပြီး အဲဒီသာသနာ့အလံတွေကို ဒီကနေ့အထိ ပြန်မချပဲ ရှိနေသေးတာဖြစ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။
အဲဒါကြောင့် မြန်မာ့အသံက ထုတ်လွှင့်ချက်ဟာ ဗုဒ္ဓဘာသာဝင်တွေအပေါ် စွပ်စွဲ၊ ပုတ်ခတ်သလိုဖြစ်တဲ့အတွက် သံတွဲမြို့နယ် အမျိုးဘာသာသာသနာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့အနေနဲ့ ကန့်ကွက်ကြောင်းအဖွဲ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မနေ့ကရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီသဘောထားကြေညာချက်ကို နိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရ တာဝန်ရှိသူတွေဆီ ပေးပို့သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။