သခင်သိန်းဖေ ကွယ်လွန်ပြီ

ဝါရင့်နိုင်ငံရေးသမားကြီး ဝါးခယ်မ သခင်သိန်းဖေဟာ မရမ်းကုန်း မြို့နယ် နေအိမ်မှာ မနေ့မနက်ပိုင်းက ကွယ်လွန်သွားပါတယ်။

ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ၂ဝ၁၆ ခုနှစ် ဇွန်လ ၉ ရက်နေ့က ဝါးခယ်မ သခင်သိန်းဖေရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့ပွဲ ကျင်းပစဉ် Photo: Ko Ko Gyi Facebook

ဝါရင့်နိုင်ငံရေးသမားကြီး ဝါးခယ်မ သခင်သိန်းဖေဟာ မရမ်းကုန်းမြို့နယ် နေအိမ်မှာ မနေ့မနက်ပိုင်းက ကွယ်လွန်သွားပါတယ်။

သခင်သိန်းဖေဟာ ၁၉၁၆ ခု ဇွန်လ ၉ ရက်နေ့မှာ မွေးဖွားတဲ့အတွက် ကွယ်လွန်ချိန်မှာ အသက် ၁ဝဝ ကျော်ပြီ ဖြစ် ပါတယ်။ မြောင်းမြခရိုင် ဝါးခယ်မမြို့မှာ မွေးဖွားပြီး အထက်တန်းကျောင်းသားဘဝ ကျောင်းသပိတ်ပွဲ မှာ ခေါင်းဆောင်မှုနဲ့ ၁၉၃၄ ခုနှစ်မှာ ကျောင်းထုတ်ခံခဲ့ရသူဖြစ်ပါတယ်။

နောက်တစ်နှစ်မှာ ဝါးခယ်မမြို့နယ် တို့ဗမာအစည်းအရုံး အတွင်းရေးမှူး၊ ဒီနောက် မြောင်းမြခရိုင် တို့ဗမာအစည်း အရုံး အတွင်းရေးမှူး၊ နောက်ပိုင်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာအစည်းအရုံး အလုပ်အမှုဆောင်ဖြစ်လာပါတယ်။  သခင်သိန်းဖေဟာ နယ်ချဲ့ဆန့်ကျင်ရေးနဲ့  အမျိုးသားလွတ်လပ်ရေးတိုက်ပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ သခင်သိန်းဖေဟာ နိုင်ငံရေးလောကက အနားယူခဲ့ပြီး ပျော်ဘွယ်လေးကြိုးစက် တည်ထောင်ပါတယ်။ နိုင်ငံရေးသမားတွေ ရဲဘော်ဟောင်းတွေကို မပြတ် ကူညီထောက်ပံ့ခဲ့ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံမှာ နိုင်ငံရေးလောကထဲ ပြန်ဝင်လာပြီး အမျိုးသား ရင်ကြားစေ့ရေး၊ ဒီမိုကရေစီရေး၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စတွေ ဆောင်ရွက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org