ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ် ပိတ်လိုက်တာကြောင့် ကုန်ကားတစ်ရာခန့်ပိတ်မိနေ
ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ဘုရားသုံးဆူ ကုန်သွယ်ရေးဂိတ်ကို ဇွန်လ ၁၇ ရက်နေ့စပြီး ဖြတ်သန်းခွင့်ပိတ်လိုက်တာကြောင့် ကုန်ကားတစ်ရာခန့် ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-06-22 -
-
-
ထိုင်း - မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ဘုရားသုံးဆူ ကုန်သွယ်ရေးဂိတ်ကို ဇွန်လ ၁၇ ရက်နေ့စပြီး ဖြတ်သန်းခွင့်ပိတ်လိုက်တာကြောင့် ကုန်ကားတစ်ရာခန့် ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာ မြန်မာဘက်အခြမ်းက စတင်ပိတ်လိုက်တာဖြစ်ပြီး ထိုင်းဘက်လည်း အဲဒီနေ့မှာပဲ ပိတ်လိုက်တာလို့ ဆိုပါတယ်။
နယ်စပ်ဂိတ်ပိတ်တာ ငါးရက်ရှိလာပြီး နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားသလို ဘယ်တော့ပြန်ဖွင့်မယ်ဆိုတာ အတိအကျမသိရသေးဘူးလို့ ကြာအင်းဆိပ်ကြီးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဘယ်တော့ပြန်ဖွင့်မလဲဆိုတာရယ်၊ ဘာကြောင့်ပိတ်တယ်ဆိုတာရယ် မသိရဘူးဗျ။ ကျွန်တော်တို့ထင်တာက သူတို့ နယ်စပ်လဝကအချင်းချင်းကြားမှာ ပြဿနာလေးတွေ ရှိပုံရတယ်။ ဒါကြောင့်ပိတ်တာဖြစ်မယ်။ အခုတော့ ဘုရားသုံးဆူလမ်းမတစ်လျှောက်မှာတော့ ကုန်တင်ဖို့ရော ကုန်ပို့ဖို့ရော ကားတွေရာနဲ့ချီ ရှိနေပါတယ်”
နယ်စပ်ဂိတ် ပိတ်ထားတာကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်ပြီး ထိုင်းဘက်ကနေ မြန်မာဘက်ကို တင်ပို့နေရတဲ့ကုန်ပစ္စည်းတချို့ ဈေးမြင့်တတ်နေတယ်လို့ ဆိုပါတယ်။
စစ်ရေးအခြေအနေအရ မြဝတီဘက်ကားလမ်းတွေ လမ်းပန်းဆက်သွယ်ရေး မကောင်းတာကြောင့် ကုန်သည်တွေဟာ ဘုရားသုံးဆူ နယ်စပ်ဂိတ်ကိုပဲ အဓိကအသုံးပြုနေရပြီး နေ့စဥ် ကားအစီးရေ လေးဆယ်ကျော် ဝင်ထွက်သွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် မြဝတီ - မဲဆောက်၊ တာချီလိတ် - မယ်ဆိုင်၊ မြိတ်-မောတောင်၊ ထီးခီး - နမ့်ဖုရော်နဲ့ ကော့သောင်း - ရနောင်းဂိတ်အပါအဝင် တရားမဝင်နယ်စပ်ဂိတ် ၂၂ ခုကို နှစ်နိုင်ငံအာဏာပိုင်တွေ ညှိနှိုင်းဖွင့်လှစ်ထားတယ်လို့ စင်ကာပူ The Straits Time သတင်းစာမှာ မနေ့က ဖော်ပြထားပါတယ်။